ပိုးတွေ့လူနာ နေအိမ်များ လော့ဒ်ဒေါင်း ချသည့်ပုံစံ ပြောင်းလဲမည်ဟုဆို

ပိုးတွေ့လူနာ နေအိမ်များ လော့ဒ်ဒေါင်း ချသည့်ပုံစံ ပြောင်းလဲမည်ဟုဆို
Photo - AFP

ရန်ကုန်၊စက်တင်ဘာ ၂၁

ရန်ကုန်တွင် ပိုးတွေ့လူနာ တွေ့ရှိပါက တိုက်ခန်းဖြစ်လျှင် အခန်းတစ်ခန်းတည်း သို့မဟုတ် နေအိမ်ဖြစ်လျှင် နေအိမ်တစ်ခုတည်းကိုသာ လော့ဒ်ဒေါင်းချရန် ညွှန်ကြားထားကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။   

“ဒီတိုက်တစ်ခုလုံးကို ချသင့်၊ မချသင့် အဲ့တာကို ဒေသဆိုင်ရာ ကိုဗစ်ကော်မတီက ဆုံးဖြတ်တယ် အခြေအနေတွေရှိတယ် လှေကားတစ်ခုတည်းကို တက်တယ် အပေါ်ထပ်ကို ထားမလား၊ အောက်ထပ်ကို ထားမလား အဲ့ဒီ ဟာမျိုး တွေ စဉ်စားဖို့က အခြေခံပဲ တစ်ခုချင်းရဲ့ အခြေအနေပေါ် မူတည်ပြီး case by case (တစ်ခုချင်းစီ) ဆုံးဖြတ်ဖို့ ဒေသန္တရ ကိုဗစ်ကော်မတီ လက်ထဲကိုပဲ ပေးထားတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး က ဆိုသည်။

ယခင်က ပိုးတွေ့လူနာတွေ့ရှိရသည့် လမ်း၊ နေအိမ်၊ တိုက်ခန်း တစ်ခုလုံးကို လော့ဒ်ဒေါင်းချသည့်စနစ်မှ လိုအပ်သောနေရာများကိုသာ လော့ဒ်ဒေါင်းချရမည့် ပုံစံသို့ပြောင်းလဲမည်ဖြစ်ကာ လော့ဒ်ဒေါင်းချထားသည့် ပိုးတွေ့ လူနာနေအိမ်တွင် တစ်တိုက်တည်းနေထိုင်သည့်သူများမှာ Stay at Home အစီအစဉ်အရ တစ်အိမ်တစ်ယောက် ဈေးဝယ်ထွက်ခွင့်၊ မသွားမနေရ လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ရှိမည်ဟု သိရသည်။

အတက်အဆင်းများသည့်တိုက်များ၊ လူအဝင်အထွက်များသည့်တိုက်များကိုမူ တစ်တိုက်လုံး လော့ဒ်ဒေါင်းချကြောင်း စမ်းချောင်းမြို့နယ် ကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထက်ကိုက ဆိုသည်။

“အခန်းများတယ်၊ အတက်အဆင်းများတယ်ဆိုရင်တော့ တစ်တိုက်လုံးချတယ်၊ ဒီမနက် ကျွန်တော်တို့ ရပ်ကွက်က တစ်ယောက်ကတော့ မြေညီထပ်ဆိုတော့ အဲ့ဒီတစ်ခန်းပဲ လော့ဒ်ဒေါင်းပေါ့ လိုအပ်သလိုပေါ့ လော့ဒ်ဒေါင်း နေရာတွေကိုတော့ We love Sanchaung နဲ့ ရပ်ကွက်ကအလှုရှင်တွေ စုပြီး စားစရာတွေ သွားပေးတယ်”ဟု ဦးတင်ထက်ကိုက ဆိုသည်။

ယခင်က ပိုးတွေရှိရာ နေအိမ်၏ တိုက်ခန်း၊ လမ်းများကို ပိုးတွေ့လူနာ ဆေးရုံဆင်းပြီး Negative ဖြစ်သည်အထိ လော့ဒ်ဒေါင်း ချထားသည့်စနစ်ကိုကျင့်သုံးခဲ့ရာ အဆိုပါ နေရာများတွင်နေထိုင်သူများ၏ စားရေးသောက်ရေး၊ သွားလာရေး ၊ သက်ကြီးရွယ်အိုများ၏ ဆေးဝါးကုသရေးစသည့် အခက်အခဲများရှိလာသဖြင့် အဆိုပါ စနစ်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required