Semi-Lockdown ကြောင့် ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်အချို့ ယာယီ ရပ်နား

Semi-Lockdown ကြောင့် ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်အချို့ ယာယီ ရပ်နား
Photo - AFP

ရန်ကုန်၊ စက်တင်ဘာ ၂၂

COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေမှု အများဆုံးနှင့် ပိုးတွေ့လူနာ နေ့စဉ်မြင့်တက်လျှက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ကစ၍ အိမ်အပြင်ထွက်မှုနှင့် အသွားအလာကို ပိုမိုတင်းကျပ် ကန့်သတ်သည့် Semi-Lockdown ပြုလုပ်လိုက်ပြီးနောက် ရန်ကုန်အခြေစိုက် နေ့စဉ်သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ယာယီရပ်နားလိုက်သည့် သတင်းစာများမှာ မြန်မာတိုင်းမ်၊ 7Day News ၊ စံတော်ချိန်နှင့် The Voice Daily သတင်းစာတို့ ဖြစ်သည်။ The Daily Eleven သတင်းစာမှာမူ နယ်ပရိသတ်ကို ပိုအားပြုပြီး ဆက်လက် ထုတ်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သီတင်းနှစ်ပတ်နားမည့် အပတ်စဉ်ထုတ် ဂျာနယ်များလည်းရှိရာ အားကစားဂျာနယ်များဖြစ်သည့် အင်အား၊ 90 Minutes ဂျာနယ်၊ Sport Time ဂျာနယ်၊ Euro Sport ဂျာနယ်၊ Special One ဂျာနယ်တို့အပြင် ရွှေပေါက်ဆိန် ဂျာနယ်၊ မနောမယ ဂျာနယ်၊ မှုခင်းသတင်း ဂျာနယ်တို့လည်း ပါဝင်ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်မြို့နယ်အားလုံးကို မိမိအိမ်မှာသာ နေထိုင်ရေး Stay at Home သတ်မှတ်လိုက်ပြီး မရှိမဖြစ် စားသောက်ကုန်၊ ရေသန့်နှင့်၊ ဆေးဝါးလုပ်ငန်းများမှ ဝန်ထမ်း များသာ သွားလာခွင့်ပြုထားသည်။  

ထိုသို့ မရှိမဖြစ်သော လုပ်ငန်းများ ဆောင်ရွက်ရန် သွားလာခွင့်ပြုသူများတွင် မီဒီယာလုပ်ငန်းများ မပါဝင်သကဲ့သို့ သတင်းစာ ဖြန့်ချိရေးလုပ်ငန်းများ မပါဝင်သဖြင့် သတင်းစာ၊ ဂျာနယ်ရောင်းချမှုများ ပြုလုပ်ရန် အခက်အခဲ ရှိလာသောကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး သတင်းစာ၊ ဂျာနယ် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း 7Day News သတင်းစာနှင့် ဂျာနယ်မှ အယ်ဒီတာချုပ် ကိုအားမာန်က ပြောသည်။

“မီဒီယာတွေလည်း Work from Home (နေအိမ်မှ အလုပ်လုပ်) ကြပါဆိုတော့ အမှန်ပြောရရင် ပိုစိတ်ဓာတ် ကျသွားတယ်ပေါ့နော်။ ကျွန်တော်တို့ သတင်းစာ၊ ဂျာနယ်ရဲ့ သဘောက အပြင်မှာ စက္ကူနဲ့ ရောင်းရတာမျိုး ဖြစ်နေ တော့။ တကယ်လို့ ပြဿနာတစ်ခုခု တက်လာရင်လည်း တရားဝင်ခွင့်ပြုတဲ့ စာအထောက်အထား မရှိဘူး။ စိုးရိမ်စရာတွေက များတယ်။ ဈေးကွက်ကလည်း အရောင်း မပေးတော့ဘူးဆိုတော့ နားလိုက်တာပါ။ ကျွန်တော်တို့ကတော့ ဒီကပ်ရောဂါကာလက သတင်းအမှား တိုက်ဖျက်ဖို့၊ သတင်းအမှန်သိဖို့ ပိုလိုအပ်တယ်။ သတင်းဌာန ရပ်တည်ရေးအတွက်လည်း လိုအပ်တာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများလည်း အိမ်မှသာ အလုပ်လုပ်ကြရမည်ဖြစ်ပြီး မဖြစ်မနေ သွားလာရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများကို အကြောင်းကြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကာလနှင့် ရွေးကောက်ပွဲစည်းရုံးရေး ကာလဖြစ်သည့်အတွက် Stay at Home ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စက်တင်ဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ကို မေတ္တာရပ်ခံတင်ပြထားပြီး အကြောင်းပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောသည်။

“အခုလို ခွင့်မပြုဘူးဆိုတော့ လိုအပ်တဲ့အခါသွားရင် တရားဥပဒေနဲ့ မညီဘူးဆိုတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးကတော့ ကျွန်တော်တို့ မလိုလားဘူး။ မဖြစ်သင့်ဘူးထင်လို့ တရားဝင် စာတင်ထားတာပါ။ ဒါကိုတော့ မပြည့်စုံ ဘူး၊ မီဒီယာရဲ့ အရေးကြီးမှုကို သဘောမပေါက်ဘူးဘဲ ပြောရမယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလို ထုတ်ပြန်တာရှိပါတယ်။ Lockdown လို အခြေအနေမျိုးမှာတောင် လူတွေအတွက် လိုအပ်တဲ့လုပ်ငန်း မရှိမဖြစ်ဆိုတဲ့ အထဲမှာ မီဒီယာကို ထည့်သွင်းထားတာပေါ့။ အခုလို မပါတာကိုတော့ အားနည်းတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၂ ရက် ညနေအထိ  COVID-19 ပိုးတွေ့လူနာ ၆၄၇၁ ဦးနှင့် ရောဂါကြောင့် သေဆုံးသူ ၁၁၃ အထိရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးက ပိုးတွေ့လူနာ အများဆုံး ဖြစ်နေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်လုံးက ပြည်သူများအနေဖြင့် အိမ်မှာသာနေကြရန်၊ နိုင်ငံ့ဝန်ထမ်းများက နှစ်ပတ်ရုံးတက်ပြီး နှစ်ပတ်ကို အိမ်မှ အလုပ်လုပ်ကြရန်၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကလွဲပြီး ကျန်ကုမ္ပဏီ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အိမ်မှသာ လုပ်ငန်းများ ဆောင်ရွက်ကြရန် စက်တင်ဘာလ ၂ဝ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly