ကျပ် ဘီလီယံ ၁ဝဝ၀ ကျော်ကို COVID-19 ရောဂါနှင့် ပတ်သက်၍ သုံးစွဲရန် သတ်မှတ်ထား

ကျပ် ဘီလီယံ ၁ဝဝ၀ ကျော်ကို COVID-19 ရောဂါနှင့် ပတ်သက်၍ သုံးစွဲရန် သတ်မှတ်ထား
ဓာတ်ပုံ - နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

စက်တင်ဘာ ၂၂၊ ၂၀၂၀

ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထွေထွေပိုလျှံငွေ ကျပ် ဘီလီယံ ၁ဝဝ၀ ကျော် (ကာလပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၅၈ သန်းကျော်) ကို COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့်သုံးစွဲရန် သတ်မှတ်ထားကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းက “နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း” တွင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုနှင့် ပတ်သက်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးအတိုးတက်ဆုံး နိုင်ငံတွေ၊ စီးပွားရေးအကောင်းဆုံး နိုင်ငံတွေမှာတောင် ကိုဗစ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေက ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီဟာတွေဟာ ကျွန်မတို့ ပြည်သူတွေအပေါ်မှာ အနည်းဆုံး ထိခိုက်မှုရှိအောင် ဆိုပြီးတော့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့အနေနဲ့ အထွေထွေပိုလျှံငွေပေါ့။ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ ၁၀၀၀ ကျော်၊ တစ်ဘီလံယံ ဆိုတာကတော့ သန်း ၁၀၀၀ ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားပဲ ကျွန်မတို့ ထင်ပါတယ်။ ဘီလီယံ ၁၀၀၀ ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ် အတွက်ဆိုပြီး အဲဒါ ဒီဟာကို ကျွန်မတို့ သတ်မှတ်လိုက်ပါ တယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ ငွေဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ သုံးဖို့ပါ။ တခြား သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့ မဟုတ်ပါဘူး။ တခြား သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အဲဒီ ရန်ပုံငွေထဲမှာ သတ်သတ်ရှိပါတယ်။ အခု ဘီလီယံ ၁၀၀၀ ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လမှ စတင်ကာ COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီး ယခု စက်တင်ဘာလအထိ ခြောက်လအတွင်း အစိုးရ၏ ထောက်ပံ့မှုများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်စပ်သည့် ထောက်ပံ့ ကူညီမှုများတွင် ကျပ် ဘီလီယံ ၁၉ဝ၀ ကျော် (အမေရိကန် ဒေါ်လာ သန်း ၁၄၄၀ ကျော်) ကျခံသုံးစွဲထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

COVID-19 ရောဂါ ကူးစက်မှုလှိုင်း ကြီးမားနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါ ထိထိရောက်ရောက် ကာကွယ်ရေး နေအိမ်၌သာ နေကြရန် အမိန့်ထုတ်ပြန်ထားခြင်းနှင့် COVID-19 ကုသဆေးနှင့် ကာကွယ်ဆေး များ ပေါ်လာပါက မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်ရှိအောင် အစိုးရအနေဖြင့် ကြိုးပမ်းနေကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခုဆိုရင် တချို့နိုင်ငံတွေမှာ ကိုဗစ်ကုသဖို့ ဆေးကို အားထုတ်ပြီးတော့ ထုတ်လုပ်နေတာ ရှိပါတယ်။ တချို့တွေကျတော့ ကာကွယ်ဆေးကို အားထုတ်ပြီး ထုတ်လုပ်နေကြတာ ရှိတယ်။ တချို့ကျတော့ နှစ်မျိုးစလုံးကို အား ထုတ်ပြီးတော့ ထုတ်လုပ်နေတာ ရှိတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့ အခြေအနေ၊ နောက်ပြီးတော့ ကုသဆေး ထုတ်လုပ်နိုင်တဲ့ အခြေအနေ မရှိပေမယ့် ဒီလိုဆေးတွေ ပေါ်လာတာ နဲ့အမျှ အချိန်နဲ့ တပြေးညီ ကျွန်မတို့နိုင်ငံကို မြန်နိုင်သလောက် မြန်မြန် ရောက်နိုင်အောင်ဆိုပြီး ကျွန်မတို့ အခုကတည်းကနေပြီး စီစဉ်နေပါတယ်။ ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျွန်မတို့အနေနဲ့ မြန်မြန်ရနိုင်ဖို့ အလားအလာရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင် တယ်ဆိုရင် ဆေးတွေက သုံးသင့်၊ မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌာနက ကြည့်ပြီးစမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးသည် ကူးစက်မှုအများဆုံး ဖြစ်နေသောကြောင့် ယခုအချိန်တွင် အဓိကအားဖြင့် ရန်ကုန်တိုင်းတွင် COVID-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အားလုံး အားစိုက်ရမည်ဖြစ် ကြောင်း လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၆၄၇၁ ဦးရှိပြီး သေဆုံးသူ ၁၀၀ ဦးနှင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၄၄၅ ဦးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly