တရုတ် လေတပ်၏ ဝါဒဖြန့် ဗီဒီယိုထဲတွင် ဟောလိဝုဒ် ရုပ်ရှင် ပြကွက်အပိုင်းများ ယူသုံးထား 

တရုတ် လေတပ်၏ ဝါဒဖြန့် ဗီဒီယိုထဲတွင် ဟောလိဝုဒ် ရုပ်ရှင် ပြကွက်အပိုင်းများ ယူသုံးထား 

စက်တင်ဘာ ၂၂ 

တရုတ်စစ်တပ်က ဝါဒဖြန့် ဗီဒီယိုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ယခုအခါ ယင်းဗီဒီယိုတစ်ခုထဲတွင် ဟောလိဝုဒ်၏ ရုပ်ရှင်ဇာတ်ကားများထဲမှ ပြကွက်အပိုင်းများ ယူကာ အသုံးပြုထားခဲ့သည်ဟု ဆိုပြီး လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ 

ကမ္ဘာ့ ဒုတိယအကြီးဆုံး စစ်ရေးပါဝါ အင်အားကြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်း၏ ကိုယ်ပိုင် ဝါဒဖြန့် ဗီဒီယိုထဲတွင် မည်သည့်အတွက်ကြောင့် ဟောလိဝုဒ်၏ ဝက်ဝက်ကွဲအောင်မြင်ထားသည့် ရုပ်ရှင်ပြကွက်များ ထည့်သုံးထားရသလဲ ဆိုပြီး လူမှုကွန်ရက် သုံးသူများက မေးခွန်းထုတ်ခဲ့ကြပြီးနောက် အဆိုပါ တရုတ်လေတပ်၏ ဝါဒဖြန့် ဗီဒီယိုမှာ ဆိုရှယ်မီဒီယာပေါ်တွင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) လေတပ်၏ ဝါဒဖြန့်မှုနှင့် ယဉ်ကျေးမှု စင်တာက ဖန်တီးပြီး Weibo ပေါ်တွင် views (ကြည့်ရှုမှု) ပေါင်း ၄ ဒသမ ၇၂ သန်း ရှိခဲ့သည့် ယင်းဗီဒီယိုတွင် တာလတ်နှင့် တာဝေး H-6 ဗုံးကြဲလေယာဉ်များ ထွက်ခွာပျံဝဲပုံကို ပြသနေခဲ့သည်။ 

အဆိုပါ ဗီဒီယိုထဲတွင် တရုတ်လေတပ် စစ်သည်များသည် ဒီယေဂို ဂါစီယာနှင့် ဂူအမ်ရှိ အမေရိကန်စစ်စခန်းများနှင့် အလွန်ဆင်တူနေသော ကျွန်းအခြေစိုက်နေရာတစ်ခုကို တိုက်ခိုက်မှု လုပ်ပြီးနောက် အောင်မြင်စွာ ပြန်လည် ပျံသန်းထွက်ခွာလာပုံကို ပြသခဲ့သည်။ 

သို့သော် တရုတ်ရှိ မျက်စိလျင်သော ဆိုရှယ်မီဒီယာသုံးသူများက သိသာထင်ရှားသော ဇာတ်လမ်းပြကွက် ဟာပေါက်များကို အလျင်အမြန် ရိပ်စားမိခဲ့ကြသည်။ 

တရုတ် စစ်တပ်၏ ဗီဒီယို၏ ထင်သာမြင်သာအရှိဆုံး ပြကွက်များသည် ဟောလိဝုဒ် ရုပ်ရှင် သုံးကားဖြစ်သည့် Transformers : Revenge of the Fallen ၊ The Rock နှင့် The Hurt Locker တို့ထံမှ ဆွဲယူထားခြင်းဖြစ်သည်။ 

“ကြည့်ရသလောက် ကျွန်တော်တို့ရဲ့ မဟာအင်အား အိပ်မက်ဟာ အမေရိကန် ရုပ်ရှင်ပြကွက်အပိုင်းတွေကို တည်းဖြတ်ပြီး တစ်စချင်း ဆက်စပ်ထားတာပဲ” လို့ Weibo သုံးသူတစ်ဦးက ရေးခဲ့သည်။ 

“အမေရိကန် ဟောလိဝုဒ် ဇာတ်ကားပြကွက်တွေ သုံးထားတဲ့ ပြည်တွင်း စစ်လေယာဉ်ကို ငါတို့ ကြော်ငြာတယ်၊ ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်နေရမှာလဲ” လို့ အခြားသုံးသူတစ်ဦးက ပြောသည်။ 

နောက်ထပ် ဆိုရှယ်မီဒီယာသုံးသူတစ်ဦးကလည်း “ဒါ ငါတို့နိုင်ငံရဲ့ ကြော်ငြာ ဗီဒီယိုဖြစ်တယ်၊ ဘာလို့ ငါတို့ရဲ့ ကိုယ်ပိုင် ပုံရိပ်တွေ အသုံးမပြုရတာလဲ” ဟု ရေးခဲ့သည်။ 

တရုတ်သည် အမေရိကန်အကြား စစ်မှုကာကွယ်ရေး၊ နည်းပညာ၊ ကုန်သွယ်ရေး၊ အငြင်းပွားပင်လယ်ပြင်အရေး၊ ဟောင်ကောင်နှင့် တိုင်ပေ အရေးတို့နှင့်ပတ်သက်၍ ပါဝါ ပြိုင်ဆိုင်မှုအောက်တွင် ကျရောက်နေသည်။ 

တရုတ်သည် စစ်မှုကာကွယ်ရေး၏ နယ်ပယ်တချို့တွင် အမေရိကန်ထက် ပိုလွန်နေပြီဟု ပင်တဂွန်က ပြောသော်လည်း ပေကျင်းက ငြင်းဆန်ခဲ့သည်။ ထို့ပြင် တရုတ်သည် ယင်း၏ နျူကလီးယား ထိပ်ဖူး အရေအတွက်ကို နှစ်ဆတိုးချင်နေသည်ဟု ပင်တဂွန်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly