ကိုရိုနာဗိုင်းရပ်စ်က လေထဲမှ ပျံ့နှံ့ကူးစက်ဟူသော ထုတ်ပြန်ချက် CDC ပြန်ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်က လေထဲမှ ပျံ့နှံ့ကူးစက်ဟူသော ထုတ်ပြန်ချက် CDC ပြန်ရုပ်သိမ်း

စက်တင်ဘာ ၂၂

အမေရိကန်၏ ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းဖြစ်သည့် CDC သည် ကိုရိုနာဗိုင်းရပ်စ်က လေထဲမှ အလွယ်တကူ မည်သို့ပျံ့နှံ့ကူးစက်နိုင်ကြောင်းကို ၎င်းတို့ဝက်ဘ်ဆိုက်တွင် သောကြာနေ့က တင်ခဲ့ပြီးနောက် အဆိုပါပို့စ် အား ပြန်လည်ဖြုတ်ချသွားခဲ့သည်။

သို့သော် ရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးစင်တာ (CDC) က ၎င်းတို့၏ ရှုထောင့် အမှန်တကယ် မပြောင်းလဲကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်ကတင်ခဲ့သော ထုတ်ပြန်ချက်သည် မှားယွင်းသည့် လုပ်ရပ်သာဖြစ် ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“အပြည့်အစုံတည်းဖြတ်မှုနဲ့ အတည်ပြုလုပ်ငန်းစဉ်မတိုင်ခင်မှာ နောက်ဆုံးမူကြမ်းအချက်အလက်ကို တင်ခဲ့မိတာဖြစ်ပါတယ်။ ဘယ်သူမဆို လုပ်မိနိုင်တဲ့ အမှားတစ်ခုပါ” ဟု CDC ၏ ကူးစက်ရောဂါဆိုင်ရာ ဒု-ဒါရိုက်တာ Dr. Jay Butler က ပြောသည်။  

အဆိုပါထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်က လေထဲတွင် ရှိနေနိုင်ကာ ဝေးကွာသောနေရာထိ ပျံ့နှံ့နေနိုင်ကြောင်း CDC က ပြောထားခြင်းဖြစ်သည်။ သို့သော် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ထွက်လာသော ပိုမိုကြီးမားလေးလံသည့် အမှုန်အမွှားများသည် ကူးစက်မှု၏ အဓိကနည်းလမ်းများဖြစ်ကြောင်းကို CDC အနေဖြင့် ဆက်လက်ယုံကြည်သည်ဟု Butler က ပြောသည်။ လူမှုအကွာအဝေးနှင့်ပတ်သက်သော CDC ၏ လမ်းညွှန်ချက်များသည် ထိုအယူ  အဆများပေါ်အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီး နှာခေါင်းစည်း မတပ်ဆင်ထားသူ အချင်းချင်းကြား ခြောက်ပေခွာ၍နေခြင်းသည် လုံခြုံစိတ်ချရသော ကြားအကွာအဝေး ဟု ဆိုထားသည်။

ကျယ်ဝန်းသောဧရိယာတွင် ပျံ့နှံ့နေသော သေးငယ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားလေးများသည် ရံဖန်ရံခါ ဗိုင်းရပ်စ်ကို ကူးစက်စေနိုင်ကြောင်း တွေ့ရှိထားသည်ဟု CDC တာဝန်ရှိသူများက အင်တာဗျူး တစ်ခုတွင် ဖြေဆိုထားသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် ပိုမိုကြီးမားသော အရည်အမှုန်အမွှားများနှင့် ထိတွေ့မှု လျော့နည်းစေရန် သို့မဟုတ် ထိတွေ့မှုမရှိစေရန်အတွက် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ကြရန် ကျန်းမာရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

သို့သော် CDC သည် အသက်ရှူလမ်းကြောင်း အမှုန်အမွှားများနှင့်ပတ်သက်ပြီး လပေါင်းများစွာ နှုတ်ဆိတ်နေခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က CDC သည် အဆိုပါအမှုန်အမွှားများအကြောင်း အသေးစိတ်ဆွေးနွေး ထားမှုအား ဝက်ဘ်ဆိုက်တွင် တိတ်တဆိတ်တင်ခဲ့ချိန်တွင် ၎င်းတို့ သဘောထားရှုထောင့် ပြောင်းလဲသွားခဲ့ဟန်ရှိသည်။ အဆိုပါပို့စ်တွင် ဗိုင်းရပ်စ်က လေထဲ၌ ရှိနေနိုင်ပြီး ခြောက်ပေကျော်ထိ ပျံ့နှံ့နိုင်သည်ဟု ဆိုထားသည်။ အခန်းတွင်း လေဝင်လေထွက်၏အရေးပါပုံကိုလည်း အလေးထားဖော်ပြခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကို လေထဲမှ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နိုင်သော ရောဂါပိုးမွှားအမျိုးအစားအဖြစ် ဖော်ပြခဲ့သည်။ ထိုအကြောင်းအရာများကြောင့် ကျန်းမာရေးအသိုက်အဝန်းအကြား အကြီးအကျယ်ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဥပမာအားဖြင့် ရောဂါကူးစက်ခံထားရသောလူနာကို လေဝင်လေထွက်မရှိသည့် အခန်းများထဲတွင် ထားရမည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်စေသည်။

သို့သော် CDC က လူတစ်ဦးနှင့်တစ်ဦး အကွာအဝေးမည်မျှနေရန်နှင့် ဆေးရုံများ၌ လူနာများကို မည်သို့ စီမံထားရှိရမည်ဆိုသည့် အပြောင်းအလဲဆိုင်ရာများကို အကြံမပြုခဲ့ဟု Butler က ပြောသည်။

ကပ်ရောဂါကာလအတွင်း  လမ်းညွှန်ချက် ပြင်ဆင်မှုများအတွက် CDC သည် ဝေဖန်ထိုးနှက်မှုများ ခံနေရပြီး အချို့ပြင်ဆင်ချက်များမှာ ထရမ့်အစိုးရ၏ နိုင်ငံရေးဖိအားကြောင့် လုပ်ဆောင်ခဲ့ရသည်။

သို့သော် Butler က “ပြောင်းလဲမှုရဲ့ နောက်ကွယ်မှာ ပြင်ပနိုင်ငံရေးဖိအား မရှိပါဘူး။ ဒါဟာ ဌာနနဲ့ဆိုင်တဲ့ ပြဿနာပါ။ ဒီရောဂါကို ဖြေရှင်းနိုင်အောင်နဲ့ နောက်တစ်ခါ ထပ်မကြုံရအောင် ကျွန်တော်တို့တွေ ကြိုးစားလုပ်ဆောင် နေပါတယ်” ဟု ဆိုသည်။

CDC ၏ တနင်္လာနေ့ထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ ပျံ့နှံ့မှုအကြောင်းအရာဆိုင်ရာ ပြင်ဆင်တည်းဖြတ်မှုများသည် သင့်တော်သော ဌာနတွင်း နည်းပညာဆိုင်ရာသုံးသပ်ချက်များ မပြုလုပ်ရသေးဟု ရေးသားထားသည်။ CDC ဝက်ဘ်ဆိုက်၌မတင်မီ နောက်ဆုံးရအချက်အလက်များနှင့်လမ်းညွှန်ချက်အားလုံးကိုသုံးသပ်ရန်အတွက် လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ်နေပြီး စံနှုန်းများကို တင်းကျပ်လျက်ရှိသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

"ဌာနရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ အမြဲတမ်း ရှေ့နောက်မညီဖြစ်နေတာဟာ ကျန်းမာရေးအဖွဲ့အစည်းတွေအပေါ် နိုင်ငံ့ရဲ့ ယုံကြည်မှုကို သံသယဖြစ်စေပါတယ်” ဟု ဟားဗက်တက္ကသိုလ်မှ ကျန်းမာရေးပါမောက္ခ Dr. Howard Koh က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly