နှာခေါင်းစည်း၊ မျက်နှာကာ တပ်ရတဲ့ စည်းမျဉ်းတွေကို ကြိတ်မှိတ် လက်ခံနေကြရတဲ့ ဖိလစ်ပိုင် ပြည်သူတွေ

နှာခေါင်းစည်း၊ မျက်နှာကာ တပ်ရတဲ့ စည်းမျဉ်းတွေကို ကြိတ်မှိတ် လက်ခံနေကြရတဲ့ ဖိလစ်ပိုင် ပြည်သူတွေ
Photo - AFP

စက်တင်ဘာ ၂၁  

ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ဖို့အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေမှာနဲ့ မိုးလုံလေလုံ အများပြည်သူဆိုင်ရာ နေရာတွေမှာ နှာခေါင်းစည်း (mask) နဲ့ မျက်နှာ အကာအကွယ် (face shield) တို့ကို ယခုအချိန်မှာ မဖြစ်မနေ တပ်ကြရဖို့ စည်းမျဉ်းပြဋ္ဌာန်းထားပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိအချိန်မှာ ဖိလစ်ပိုင် ပြည်သူတွေဟာ ဒီ new normal နေထိုင်မှု ပုံစံအသစ်ကို ကြိတ်မှိတ် လက်ခံနေကြရလျက် ရှိပါတယ်။

ပူလောင်အိုက်စပ်တဲ့ အပူချိန်နဲ့ လေထု စိုထိုင်းမှုအောက်မှာ အသက် ၃၁ နှစ်အရွယ် ကိုင်တလင်း တိုဂျာနက်စ်ဟာ မြို့တော် မနီလာမှာ ဘတ်စ်ကားစီးဖို့ စောင့်ဆိုင်းရင်း သူမရဲ့ နှာခေါင်းစည်းအပေါ်က မျက်နှာအကာတစ်ခု ထပ်တပ်ထားရတာကို ညည်းညူနေပါတယ်။

“ ခုလို တပ်ထားရတာက သက်တောင့်သက်သာ မရှိဘူး၊ လူတန်းရှည်ကြီးတွေနဲ့ စောင့်ရဦးမယ်၊ ဆိုတော့ကာ ကျွန်မတို့ အလုပ်ရောက်ရင် ပင်ပန်းပြီး ချွေးတပြိုက်ပြိုက် ကျနေတော့မှာပဲ” လို့ တိုဂျာနက်စ်က ပြောပါတယ်။ သူမကတော့ အိမ်နဲ့အလုပ်ကို ဘတ်စ်ကား သုံးဆင့် စီးပြီး နာရီနဲ့ချီ သွားလာရသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမကတော့ ဖိလစ်ပိုင်မှာ new normal နေထိုင်မှု ပုံစံအသစ်ကို မဖြစ်မနေ ကြိတ်မှိတ် လက်ခံကျင့်သုံးနေရပါတယ်။

“ကိုဗစ်  ရှိနေချိန်မှာ ဘာပဲဖြစ်ဖြစ် စည်းကမ်းလိုက်နာရမှာကတော့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ်၊ ပြည်သူတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုးအားလုံးကို အစိုးရအပေါ်မှာပဲ ပုံမချသင့်ပါဘူး၊ ကျွန်မတို့ဟာ ကိုယ့်ဘာသာ စည်း ကမ်းရှိရှိ နေရပါလိမ့်မယ်” လို့ တိုဂျာနက်စ်က ပြောသွားပါတယ်။

တိုဂျာနက်စ်ကတော့ လူဦးရေ ၁၂ သန်း နေထိုင်ပြီး နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု အများဆုံး ဖြစ်နေတဲ့ မြို့တော် မနီလာမှာ စတိုးဆိုင်မန်နေဂျာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈၃,၀၀၀ ဦးကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၉၀၀ ကျော် ရှိနေခဲ့ပါတယ်။

နိုင်ငံရဲ့ ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်ဟာ အရှေ့တောင်အာရှမှာ အများဆုံးအဖြစ် ရှိနေခဲ့ပြီး ဖိလစ်ပိုင် အာဏာပိုင်တွေအနေနဲ့လည်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေရချိန် ခုလို အစီအမံတွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly