အစ္စရေးမှာ လော့ဒေါင်း ပြန်ချတာကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

အစ္စရေးမှာ လော့ဒေါင်း ပြန်ချတာကို လူထောင်ပေါင်းများစွာ ဆန္ဒပြ

စက်တင်ဘာ ၂၁

ဂျေရုဆလင်မှာ အစ္စရေးဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဝန်ကြီးချုပ် နေတန်ယာဟု ရာထူးက နုတ်ထွက်ပေးရေး တနင်္ဂနွေနေ့မှာ တောင်းဆိုဆန္ဒပြကြပါတယ်။

တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းသစ် ပြန်လည်ချလိုက်ပြီးနောက်ပိုင်းမှာ ခုလို ပထမဆုံးဆန္ဒပြလာကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တစ်ဦးချင်းနှုန်းမှာ ကမ္ဘာမှာ အများဆုံး ဖြစ်နိုင်တဲ့ အစ္စရေးနိုင်ငံက အာဏာပိုင်တွေဟာ တစ်နိုင်ငံလုံး လော့ဒေါင်းချတာကို သောကြာနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂျူးအားလပ်ရက်ရာသီ ပထမရက်နဲ့ တစ်ချိန်တည်းဖြစ်တဲ့ အဲဒီ လော့ဒေါင်းချတာကြောင့် အော်သိုဒေါ့စ်ဂျူးတွေကြားမှာ အထူးသဖြင့် စိတ်ဆိုးဒေါသထွက်ကြပါတယ်။

ကပ်ဘေးကို မတ်လအတွင်းက တင်းကြပ်တဲ့ လော့ဒေါင်းချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ပတ်သက်လို့ အစိုးရက ချီးကျူးခံခဲ့ရတာ ဖြစ်ပေမယ့် မကြာသေးတဲ့ လတွေအတွင်းမှာ ကပ်ဘေးကို အစိုးရအဖွဲ့က လွဲမှားစွာ စီမံနေတယ်ဆိုပြီး ပြည်သူတော်တော်များများက စွပ်စွဲပြောဆိုလာပါတယ်။

ကန့်သတ်ချက် စည်းမျဉ်းသစ်တွေ ရှိနေပေမယ့် ဆန္ဒပြပွဲတွေကို ခွင့်ပြုပေးထားပြီး ဆန္ဒပြသူတွေဟာလည်း သုံးလနီးပါးလောက် ကြာပြီဖြစ်တဲ့ အပတ်တိုင်း နေတန်ယာဟုရဲ့ ဂျေရုဆလင် နေအိမ်အပြင်ဖက်မှာ စုရုံးဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူ အများစုက နှာခေါင်းစည်းတွေ တပ်ဆင်ထားကြပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုက တားဆီးနိုင်ဖို့ တစ်ဦးနဲ့ တစ်ဦး လူခွာနေတာကိုတော့ မလိုက်နာကြပါဘူး။

စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာကြတဲ့ ဆန္ဒပြသူတွေဟာ ရင်ပြင်မှာ ထားရှိထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပစ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သီတင်းသုံးပတ်ကြာ ချမှတ်မယ့် အခု လော့ဒေါင်းမှာ လိုအပ်ပစ္စည်း ထွက်ဝယ်တာ၊ ဆေးကုသတာနဲ့ မရှိမဖြစ်လို့ သတ်မှတ်တဲ့ အလုပ်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာ ရက်ရှည်အားလပ်ရက်တွေအတွင်း စီးပွားရေး လှုပ်ရှားဆောင်ရွက်မှုတွေ နှေးကွေးတတ်စမြဲ ဖြစ်ပေမယ့် အခု ဒုတိယအကြိမ် လော့ဒေါင်းကြောင့် စီးပွားရေး ဆိုးဆိုးဝါးဝါး ကျဆင်းသွားမှာကို ပြည်သူအများစုက စိုးရိမ်ပူပန်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly