ရခိုင်အသင်း လာမည့်ဘောလုံး ရာသီတွင် နိုင်ငံခြားသားကစားသမား လေးဦးထိ ခေါ်ယူရန် စီစဉ်

ရခိုင်အသင်း လာမည့်ဘောလုံး ရာသီတွင် နိုင်ငံခြားသားကစားသမား လေးဦးထိ ခေါ်ယူရန် စီစဉ်
ပုံစာ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်းအားတွေ့ရစဉ် (ဓါတ်ပုံ RUFC)

နိုဝင်ဘာ ၁၃၊ ရန်ကုန်။                ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီတွင် လိဂ်စည်းမျဉ်းအတိုင်း  နိုင်ငံခြားသားကစားသမား   လေးဦးလုံး ခေါ်ယူရန် စီစဉ်ထားသည် ဟု ရခိုင်အသင်း မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီမှ နိုင်ငံခြားသားကစားသမားများဖြစ်သည့် မာစီယိုဆန်းတို့စ်၊ ဂျန်ခိုးရှီ စသည့် ကစားသမားများနှင့် လမ်းခွဲခဲ့ပြီး နောက်ခံလူ ဘားနက်ရှော တစ်ဦးတည်းသာ စာချုပ်သက်တမ်း တိုးသွားမည် ဖြစ်သည်။

“ လာမယ့်ရာသီအတွက် နိုင်ငံခြားသားကစားသမားတွေဖြစ်တဲ့ မာစီယိုဆန်းတို့စ်၊ ဂျန်ခိုးရှီ တို့ကို အသင်းက ထွက်ခွာခွင့်ပေးလိုက်ပါတယ်။ နောက်ခံလူ ဘားနက်ရှော တစ်ဦးထဲကိုပဲ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။ သူတို့နေရာအတွက်တော့ ၃+၁ စည်းမျဉ်းအတိုင်း နိုင်ငံခြားသားကစားသမား လေးဦးထိ ခေါ်ဖို့ စီစဉ်နေပါတယ်။

ဘယ်နိုင်ငံက ဖြစ်မယ်တော့ မသိသေးပါဘူး။ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ တိုက်စစ်မှူး ပြည်မိုးနေရာအတွက်လည်း တိုက်စစ်မှူး ခေါ်ပြီး အားဖြည့်သွားမှာပါ ” ဟု ဦးသက်ထူးနိုင်ဦးက ရခိုင်ယူနိုက်တက်အသင်း၏ ကစားသမားဖြည့်တင်းမှုနှင့် ပတ်သက်၍ ပြောသည်။

ရခိုင်ယူနိုက်အသင်းသည် လက်ရှိတွင် ပဏာမမြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ပြည်မိုး အပါအဝင် နိုင်နိုင်ကျော်၊ အောင်စိုးမိုး၊ ပြည့်ဖြိုးကိုကို တို့ အပြင် နိုင်ငံခြားသားကစားသမား နှစ်ဦး ကိုလည်း အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly