ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလားပြိုင်ပွဲမှ ရန်ကုန်အသင်း လူငယ်ကစားသမားများ ရွေးချယ်သွားမည်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလားပြိုင်ပွဲမှ ရန်ကုန်အသင်း လူငယ်ကစားသမားများ ရွေးချယ်သွားမည်
၂၀၁၅ လူငယ်လိဂ် ချန်ပီယံ ရန်ကုန်လူငယ်အသင်းအား ဆုဖလားနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၁၃၊ ရန်ကုန်။                 ။ ၂၀၁၅ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက်ပြိုင်ပွဲမှ လူငယ်ကစားသမားများအား ရန်ကုန်လူငယ်အသင်းအတွက် ရွေးချယ်ရန် စီစဉ်ထားသည် ဟု ရန်ကုန်အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

အဆိုပါ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလားပြိုင်ပွဲကို ရန်ကုန်ယူနိုက်တက်ကွင်းတွင် နိုဝင်ဘာ ၁၆ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ခရိုင်ကိုယ်စားပြု စုစုပေါင်း ရှစ်သင်းထိ ပါဝင်မည် ဖြစ်သည်။

“ ဒီပြိုင်ပွဲကို အရင်က အသက် (၂၀) အောက် ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ (၁၉) နှစ် အောက် ဆိုပြီး ကျင်းပတာ တွေ့ရပါတယ်။ အသက် (၁၉) နှစ်အောက် ဖြစ်တဲ့အတွက် အလားအလာရှိတဲ့ ကစားသမားလေးတွေကို ရန်ကုန်လူငယ်အသင်းအတွက် ရွေးချယ်သွားပါမယ်။

 အဲ့အတွက် လူရွေးချယ်ရေးအဖွဲ့လည်း ဖွဲ့ထားပါတယ်။ ရန်ကုန်အသင်းက အရင်ကတည်းက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သေချာဆောင်ရွက်ပြီး လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းတွေ မွေးထုတ်ပေးဖို့ စီစဉ်ထားပါတယ် ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် ပြိုင်ပွဲတွင်  ဗိုလ်စွဲသည့် အသင်းအား ဆုကြေးငွေ ကျပ် ၁၅ သိန်းနှင့် ဒုတိယ ကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး ဂိုးသွင်းအများ ဆုံးကစားသမားအား ဆုကြေးငွေ ကျပ်ငါးသောင်း ချီးမြှင့်သွားမည် ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိမြန်မာနေရှင်နယ်လိဂ်တွင် ရန်ကုန်တိုင်းကိုယ်စားပြုအသင်းအဖြစ် လူကြီး၊ လူငယ် ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ် လိဂ်ပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဗိုလ်စွဲထားနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly