နှစ်ပေါင်း ၁၂၀,၀၀၀ သက်တမ်းရှိ လူသားခြေရာများ ဆော်ဒီ အာရေးဘီးယားတွင် တွေ့ရှိ

By Phys.org
20 September 2020
နှစ်ပေါင်း ၁၂၀,၀၀၀ သက်တမ်းရှိ လူသားခြေရာများ ဆော်ဒီ အာရေးဘီးယားတွင် တွေ့ရှိ

စက်တင်ဘာ ၂၀

လွန်ခဲ့သော နှစ်ပေါင်း ၁၂၀,၀၀၀ ခန့်အကြာက ယနေ့လက်ရှိ ဆော်ဒီအာရေးဘီးယားနိုင်ငံ မြောက်ပိုင်းတွင် ရှေးခေတ်နှစ်ပေါင်းသိန်းချီလူသား (Homo Sapiens) အုပ်စုအဖွဲ့ငယ်တစ်ခုသည် လှည့်လည်ခရီးသွားလာရင်း ရေသောက်ရန်နှင့် လိုအပ်သည့်ပစ္စည်းလိုက်ရှာရန်အတွက် ရေတိမ်ကန်တစ်ခုတွင် ခေတ္တ နားနေခဲ့ကြသည်။ အဆိုပါ ကန်သည် ယနေ့အချိန်အခါတွင် မြင်ရသည့် တိရစ္ဆာန် မျိုးစိတ်များထက် ပိုမိုအရွယ်အစားကြီးမားသော ဆင်များ၊ ကျွဲများ၊ ကုလားအုတ်များ မကြာမကြာ လာတတ်သည့် ရေကန်လည်းဖြစ်ခဲ့သည်။

လူသားတို့သည် အရွယ်အစားကြီး နို့တိုက်သတ္တဝါများကို အမဲလိုက်ကောင်း လိုက်ခဲ့နိုင်သော်လည်း ၎င်းတို့သည် ကြာရှည် ဆက်မနေခဲ့ဘဲ ရေထွက်စမ်းတစ်ခုကို ပိုမိုရှည်လျားသော ခရီးရှည်တစ်ခုအတွက် ခေတ္တနားနေရာ တစ်ခုအဖြစ်သာ အသုံးပြုခဲ့ကြသည်။

အဆိုပါ အသေးစိတ် ပါရှိသည့် အဖြစ်အပျက်ကို သုတေသီများက ဗုဒ္ဓဟူးနေ့ Science Advances တွင် ဖော်ပြသည့် လေ့လာချက်တစ်ခုထဲတွင် ပြန်လည်တည်ဆောက်ပုံဖော်ထားခြင်း ဖြစ်သည်။ အဆိုပါ သုတေသီများသည် Nefud သဲကန္တာရတွင် ရှေးခေတ် လူသားနှင့် တိရစ္ဆာန် ခြေရာများ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အထက်ပါအတိုင်း အဖြစ်အပျက်မြင်ကွင်းတစ်ခုကို ပုံဖော်ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။ Nefud သဲကန္တာရတွင် ရှေးခေတ် လူသား နှင့် တိရစ္ဆာန် ခြေရာများ ရှာဖွေတွေ့ရှိခဲ့ခြင်းကလည်း ကျွနု်ပ်တိ့ု၏ ရှေးခေတ် ဘိုးဘေးဘီဘင်များ အာဖရိကကနေ ဖြန့်ကျက် ခြေဆန့်ခဲ့ကြစဉ် သွားလာခဲ့သည့် လမ်းကြောင်းများအတွက် အလင်းရောင်သစ်တစ်ခု ဖြန့်ကျက်ဖွင့်လှစ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ယနေ့အချိန်အခါတွင် အာရေးဘီးယန်း ကျွန်းဆွယ်ကို အစောပိုင်းလူသားများနှင့် ၎င်းတို့အမဲလိုက်ခဲ့သည့် တိရစ္ဆာန်များအတွက် နေခင်းထိုင်ခင်း မသာသော ကျယ်ပြောပြီး မိုးခေါင်ခြောက်သွေ့သည့် သဲကန္တာရများဖြင့် သွင် ပြင်လက္ခဏာ ပုံဖော်လျက် ရှိသည်။

သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လုပ်ခဲ့သည့် သုတေသနများအရ ယင်းသည် အမြဲတမ်း အဆိုပါအတိုင်း ဖြစ်ခဲ့ခြင်း မရှိဆိုသည်ကို ပြသနေခဲ့သည်။ နောက်ဆုံးသော interglacial ဟု သိကြသော ကာလတစ်ခုအတွင်း ပိုမို စိမ်းလန်းပြီး ပိုမို စိုထိုင်းသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့် သဘာ၀ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်သည်။

ထိုစဉ်အချိန်က အာရေးဘီးယားဒေသသည် မျက်မှောက်ခေတ် ဆဗားနား မြက်ခင်းပြင်၏ တစ်စိတ်တစ်ဒေသ မိုးနည်းသော မြက်ခင်းပြင်များနှင့် ပိုမို ဆင်တူနေခဲ့သည်။

‘Alathar’ ( အာရပ်ဘာသာစကားလို သဲလွန်စ ဟု အဓိပ္ပါယ်ရ) ဟု ခေါ်သည့် ရှေးခေတ်ရေကန်တစ်ခုတွင် အနည်အနှစ်များ တိုက်စားပြီးနောက်ပိုင်း ၂၀၁၇ တွင် လုပ်ခဲ့သည့် PhD လက်တွေ့လုပ်ဆောင်မှုအတွင်း ခြေရာများကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ယခု စာတမ်း၏ first author ဖြစ်သည့် ဂျာမနီနိုင်ငံ Max Planck ဓာတုဂေဟဗေအဖွဲ့အစည်းမှ Mathew Stewart က အေအက်ဖ်ပီကို ပြောသည်။

“ခြေရာတွေက ထူးခြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အသွင်အပြင် အထောက်အထားတစ်ခု ဖြစ်ပါတယ်၊ အဲဒီမှာ ဒါတွေက လျှပ်တစ်ပြက် ဓာတ်ပုံတွေကိုလည်း ထောက်ပံ့ပေးပါတယ်၊ အထူးသဖြင့်တော့ နာရီအနည်းငယ် ဒါမှ မဟုတ် နေ့တွေကို ကိုးစားပြုထင်ဟပ်စေပြီးတော့ပေါ့၊ ဒါက ကျွန်တော်တို့ တခြား မှတ်တမ်းတွေဆီကနေ ရလေ့မရှိတဲ့ ပုံရိပ်တစ်ခုပါ” ဟု ၎င်းက ပြောသည်။

ခြေရာများကို optical stimulated luminescence ဟု ခေါ်သည့် နည်းပညာတစ်ခုသုံးပြီး သက်တမ်း သတ်မှတ်ခဲ့သည်။  

စိမ်းလန်းသော အာရေးဘီးယား

စုစုပေါင်းအားဖြင့် ရှာဖွေတွေ့ရှိခဲ့သော ရာနှင့်ချီသော ခြေရာများအနက် ခုနစ်ခုကို ရှေးခေတ်လူသားများအဖြစ် သေချာစွာ ထုတ်ဖော်ခဲ့ပြီး ယင်းတို့အနက် လေးခုသည် ယင်းတို့၏ တူညီသော ကိုင်းညွတ်မှု၊ တစ်ခုနှင့်တစ်ခုအကြား အကွာအဝေးများ၊ အရွယ်အစား မတူညီမှုများစသည့် အချက်များကြောင့် လူ နှစ်ဦး သို့မဟုတ် သုံးဦးတို့ အတူတကွ ခရီးသွားခဲ့ကြသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်။

ကျွနု်ပ်တို့၏ ကွယ်ပျောက်သွားပြီဖြစ်သော ဆွေမျိုးလူသားများသည် ထိုစဉ်အချိန်က ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်းဒေသတွင် ရှိနေခဲ့ကြသည်ဟု မသိရှိခြင်း အချက်အပေါ် အခြေခံသောအားဖြင့်လည်းကောင်း၊ ခြေရာများကနေတဆင့် ကောက်ချက်ချထားသည့် အရပ်အမောင်းနှင့် အလေးချိန် ခန့်မှန်းချက်များအပေါ် အခြေခံသောအားဖြင့်လည်းကောင်း အထက်ပါတွေ့ရှိမှုများက Neanderthals များနှင့်ဆန့်ကျင်လျက် ခန္ဓာကိုယ်တည်ဆောက်ပုံအရ မျက်မှောက်ခေတ်လူသားများနှင့် သက်ဆိုင်ပတ်သက်နေသည်ဟု သုတေသီများက ငြင်းခုံပြောကြားသည်။

“လူသားတွေဟာ ဒီကန်ကို ရောက်ခဲ့ကြတယ်လို့ ကျွန်တော်တို့ သိထားတယ်၊ အဲဒီအချိန်တစ်ချိန်တည်းမှာပင် ဒီတိရစ္ဆာန်တွေလည်း ရှိခဲ့ကြတယ်၊ ပြီးတော့ ဧရိယာအတွက် တမူထူးတာက ကျောက်တုံး ကိရိယာလက်နက်တွေ မရှိတာပါပဲ” ဟု Stewart က ပြောသည်။ ယင်းအရ လူသားများသည် ယင်းနေရာတွင် ရှည်ကြာသော အချိန်ကာလအပိုင်းအခြားတစ်ခုဖြင့် အခြေချခဲ့သည်ကို ရည်ညွန်းနေမည် ဖြစ်သည်။

“ဒီလူတွေဟာ ရေကန်ကို ရေအရင်းအမြစ်တွေအတွက် လာရောက်ခဲ့ပုံရပါတယ်၊ နောက်ပြီး သူတို့လိုအပ်တာတွေ လိုက်ရှာဖို့ပေါ့၊ အဲဒီအချိန်မှာ တိရစ္ဆာန်တွေနဲ့ တချိန်တည်းပဲ ရှိခဲ့ဲကြတယ်၊ ပြီးတော့ သူတို့အမဲလိုက်ခဲ့ တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀,၀၀၀ ခန့် အကြာက အနီးအနား Levant ဒေသတွင် မျိုးသုဉ်းသွားခဲ့သည့် ဆင်များသည်လည်း အထူးသဖြင့် ဆွဲဆောင်နိုင်သည့် သားကောင်များ ဖြစ်ခဲ့လိမ့်မည်ဖြစ်ပြီး ယင်းတို့ ရှိနေခဲ့မှုက အခြား သော ပေါများသည့် ရေချိုရင်းမြစ်များနှင့် စိမ်းလန်းသော သစ်ပင်ခြုံပင်များ တည်ရှိခဲ့မှုကို ထင်ဟပ်ပြသနေသည်။

ခြေရာများအပြင် အခြားသော ကျောက်ဖြစ်ရုပ်ကြွင်း ၂၃၃ ခုကိုလည်း ရှာတွေ့ခဲ့သည်။ ယနေ့အချိန်အခါ အာဖရိက ဆဗားနားမြက်ခင်းပြင် တွင် မြင်ရသည့် အလားသဏ္ဍာန်အတိုင်းပင် Alathar ၌ အပင်စားတိရစ္ဆာန်များက သားစားတိရစ္ဆာန်များအတွက် ဆွဲဆောင်စရာ ဖြစ်ခဲ့ဖွယ် ရှိသည်။

အစောပိုင်း လူသားများသည် ဂရိတောင်ပိုင်းနှင့် Levant တို့ကနေတဆင့် ယူရေးရှားသို့ ခြေဆန့်လာခဲ့ကြပြီး လမ်းတစ်လျှောက် ပင်လယ်ကမ်းခြေအရင်းအမြစ်များကို အသုံးချခဲ့ကြသည်ဟု ကနဦးက သိထားခဲ့ကြသည်။ သို့သော် လေ့လာချက်သစ်တစ်ခုအရ ကုန်းတွင်းပိုင်းလမ်းကြောင်းများ၊ နောက် ရေကန်များ၊မြစ်များသည်လည်း အထူး အရေးပါခဲ့ဖွယ် ရှိကြောင်း Stewart က ပြောသည်။

“ ပွင့်လန်းတဲ့ မြက်ခင်းပြင်တွေ၊ များပြားတဲ့ ရေအရင်းအမြစ်တွေနဲ့အတူ ဆင်တွေ၊ ရေမြင်းတွေလိုမျိုး အရွယ်အစားကြီး တိရစ္ဆာန်တွေ ရှိခဲ့တာက မြောက်အာရေးဘီးယားဒေသကို အထူးသဖြင့်တော့ အာဖရိကနဲ့ ယူရေးရှား အကြား ရွေ့လျားသွားလာတဲ့ လူသားတွေအတွက် အထူးဆွဲဆောင်ရာနေရာ ဖြစ်စေခဲ့ဖွယ် ရှိပါတယ်” ဟု လေ့လာချက်၏ senior author တစ်ဦးဖြစ်သည့် Max Planck လူသားသမိုင်း သိပ္ပံအဖွဲ့အစည်းမှ Michael Petraglia က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly