ထိုင်းဆန္ဒပြပွဲများ၏ နောက်ကွယ်

By AFP
20 September 2020
ထိုင်းဆန္ဒပြပွဲများ၏ နောက်ကွယ်

စက်တင်ဘာ ၂၀

ပြီးခဲ့သည့်လများတွင် ထိုင်းနိုင်ငံတစ်လွှား၌ ကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများသည် ငြိမ်းချမ်းစွာဖြင့် စုရုံးဆန္ဒပြကြသည်။ အချို့သော တက်ကြွလှုပ်ရှားသူများက ဘုရင့်နိုင်ငံတော်၏ အထိမခံသော ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို ပွင့်လင်းစွာ တောင်းဆိုကြသည်။

ဆန္ဒပြမှုများ ဆက်လက်ဖြစ်နေမည်ဆိုပါက နိုင်ငံမီးတောက်လိမ့်မည်ဆိုသော ဝန်ကြီးချုပ်၏ သတိပေးချက်ကို အာခံပြီး အင်အားပြကြရန် ယခု စနေ၊ တနင်္ဂနွေ၌ ဘန်ကောက်တွင် လူထောင်ပေါင်းများစွာ စုရုံးချီတက်ဆန္ဒပြသည်။

ထိုင်းဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး သိထားရသည်များမှာ-

ဆန္ဒပြသူများ ဘာလိုချင်ကြတာလဲ

ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရကို ဆန့်ကျင်ပြီး စုရုံးကြလျက် ရှိသည်။

စစ်ခေါင်းဆောင်ဟောင်း ချန်အိုချာသည် ၂၀၁၄ က အာဏာသိမ်းမှုကို ဦးဆောင်ပြီး ဘုရင့်နိုင်ငံကို စစ်အုပ်ချုပ်ရေးအောက် ငါးနှစ်ကြာ ထားရှိခဲ့သည်။

စစ်အစိုးရလက်အောက်တွင် ပြီးခဲ့သည့်နှစ်က ကျင်းပသော ရွေးကောက်ပွဲ မတိုင်မီ၌ ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့သည်။

အရပ်သားအစိုးရကို ဦးဆောင်ရန် ချန်အိုချာက ရွေးကောက်ပွဲအနိုင်ရပြီး အကဲဖြတ်များက ယင်း အနိုင်ရလဒ်သည် ပြင်ဆင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၏ ပြဋ္ဌာန်းချက်ကြောင့်ဟု ဝေဖန်ကြသည်။

ဆန္ဒပြသူများက ဖြစ်စဉ်တစ်ခုလုံးမှာ အကွက်ချထားခြင်းဖြစ်ကြောင်း ပြောဆိုကြပြီး လွှတ်တော်ကို ဖျက်သိမ်းရန်၊ ဖွဲ့စည်းပုံကို ပြန်ရေးရန်နှင့် ၎င်းတို့ ရင်ဆိုင်နေရသော ဖိနှိပ်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် တောင်းဆိုကြသည်။

ဆန္ဒပြသူများတွင် ဩဇာအာဏာကြီးသည် တော်ဝင်မိသားစုအား ဝေဖန်သူများမှ ကာကွယ်ပေးထားသည့် အသရေဖျက်မှုဥပဒေကို ဖျက်သိမ်းရန်အပါအဝင် ဘုရင်စနစ်အတွက် တောင်းဆိုချက် ၁၀ ချက် ရှိထားသည်။

ထို ဥပဒေမှာ ကမ္ဘာတွင် အပြင်းထန်ဆုံး ဥပဒေများအနက် အပါအဝင်ဖြစ်ပြီး ပြစ်မှုတစ်ရပ်အတွက် ထောင်ဒဏ် ၁၅ နှစ်အထက်ထိ ချမှတ်နိုင်သည်။

ဘာကြောင့်လဲ

လူငယ်ထုကြား၌ ရေပန်းစားသည့် အတိုက်အခံပါတီက ခေါင်းဆောင်များကို နိုင်ငံရေးက တားမြစ်လိုက်သည့်အချိန် ဖေဖော်ဝါရီလမှ စတင်ကာ မကျေနပ်မှုများက တအုံနွေးနွေးဖြစ်လာခဲ့သည်။

Future Forward Party ကို ကန့်ကွက်တားမြစ်သော လုပ်ရပ်သည့် နိုင်ငံရေးစေ့ဆော်မှုကြောင့်ဖြစ်သည်ဟု များစွာသောဆန္ဒပြသူများက ပြောသည်။

ထိုင်းနိုင်ငံ စီးပွားရေးကို ကျဆင်းသွားစေသော ကပ်ဘေးလော့ဒေါင်းက ဘီလျှံနာလူချမ်းသာအသိုင်းအဝိုင်းနှင့် ဆင်းရဲသားများကြားက ကွာဟချက်ကြီးကို လှစ်ဟပြလိုက်သည်။

ဇွန်လအတွင်းက အထင်ကရ တက်ကြွလှုပ်ရှားသူဖြစ်ပြီး အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နေသူ ဝန်ချာလမ်းက နောက်ပိုင်းတွင် ပျောက်ဆုံးနေသည်။

ထိုင်းနိုင်ငံက လူမှုမီဒီယာကို နားလည်သော တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ လိုလားချက်များအတွက် တွစ်တာကို အသုံးချလာကြသည်။

အွန်လိုင်းလှုပ်ရှားမှုများသည် ဇူလိုင်လလယ်တွင် မြေပြင်ဆီထိ ရောက်ရှိလာပြီး နိုင်ငံတစ်လွှား ဆန္ဒပြလှိုင်းများ စတင်ပေါ်ပေါက်ကာ ယခု စနေ၊ တနင်္ဂနွေ ဆန္ဒပြမှုများက ၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးဆုံးအဖြစ် အင်အား ၃၀၀၀၀ ကျော်အထိ ရှိခဲ့သည်။

ယခင် ဆန္ဒပြပွဲများနှင့် ခြားနားချက်

အမှန်အားဖြင့် ထိုင်းနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း လမ်းပေါ်ဆူပူဆန္ဒပြမှုများနှင့် စစ်အာဏာသိမ်းမှုများဖြင့် သံသရာလည်နေသည်။

သို့သော် အတိတ်က ဆန္ဒပြလှုပ်ရှားမှုများသည် ကြီးမားသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးသက်ရောက်မှုများကြောင့် ဖြစ်သည်။

လက်ရှိ ကျောင်းသားဆန္ဒပြသူများသည် ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြပွဲများ၏ သက်ရောက်မှုတစ်စိတ်တစ်ဒေသအဖြစ် တစ်ဦးတည်းသော ခေါင်းဆောင်မရှိဟု ဆိုလာကြသည်။

ဘုရင်စနစ်သည် အထိမခံ၊ အပြောမခံသော အကြောင်းကိစ္စရပ်ဖြစ်နေခြင်းအပေါ် စိန်ခေါ်လာခြင်းကလည်း ပထမဆုံးဖြစ်သည်။

ဖွဲ့စည်းပုံအရ အလွန်ချမ်းသာသော ဘုရင်မဟာဝါဇီရလောင်ကွန်းအပါအဝင် တော်ဝင်အသိုင်းအဝိုင်းသည် နိုင်ငံရေးနှင့် မနွယ်ရမည်ဖြစ်သော်လည်း ၎င်းတို့က ဩဇာအာဏာ ကြီးမားစွာ ရှိနေသည်။

၂၀၁၆ တွင် ဘုရင် နန်းတက်ပြီးချိန်မှစကာ ၎င်းသည် မကြုံဖူးသော အပြောင်းအလဲများ လုပ်ဆောင်လာသည်။ နန်းတော်၏ ဘဏ္ဍာငွေကို တိုက်ရိုက်ထိန်းချုပ်ခြင်းနှင့် ၎င်း၏ ကွပ်ကဲမှုအောက် စစ်တပ်ရင်းနှစ်ရင်း ထားရှိခြင်းများ ဖြစ်သည်။

ဘုရင်၏ဖက်တွင် သစ္စာခံစစ်တပ်နှင့် အာဏာကြီးသော လူချမ်းသာအသိုင်းအဝိုင်းများ ရှိနေသည်။

တုံ့ပြန်မှုက ဘာလဲ

ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို အလုပ်သမား လူတန်းစားမှ အမြောက်အမြားအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ရထားသည်။

လှုပ်ရှားမှုများက နိုင်ငံအနှံ့ရှိ အထက်တန်းကျောင်းများအထိ ပြန့်နှံ့ပြီး ဆယ်ကျော်သက်များက ၎င်းတို့၏ ခေါင်းနောက်တွင် စည်းလုံးညီညွတ်ခြင်းအဖြစ် ဖဲကြိုးဖြူများ စည်းနှောင်ကြသည်။

သို့သော် တော်ဝင်အသိုင်းအဝိုင်းကို ထောက်ခံသော အုပ်စုများက တန်ပြန်အသေးစားဆန္ဒပြပွဲများ ဆင်နွဲပြီး အများစုမှာ ဘုရင်ကို စော်ကားသည်ကို စိတ်ဆိုးဒေါသထွက်ကြသည့် အသက်ကြီးပိုင်း ဆန္ဒပြသူများဖြစ်သည်။

စစ်တပ်အကြီးအကဲ အပီရတ်က နိုင်ငံ၏ အမုန်းတရားသည် ကုစားမရနိုင်သော ရောဂါဟု သတိပေးပြောဆိုသည်။

ပရာယွတ်ကလည်း ဆန္ဒပြသူများကို ပျော့ပျောင်းစွာ ကိုင်တွယ်မည်ဟု ပြောဆိုထားလင့်ကစား ကျောင်းသားများအနေဖြင့် ဆက်လက်ခေါင်းမာနေမည်ဆိုပါက နိုင်ငံမီးတောက်ရလိမ့်မည်ဟု ပြောလာခဲ့သည်။

လက်ရှိအထိ ဆန္ဒပြသူ နှစ်ဒါဇင်ကျော်ထက်မနည်းကို ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကို ချိုးဖောက်မှုတို့ဖြင့် စွဲဆိုကာ အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။

နောက် ဘာဖြစ်မလဲ

မှန်းဆရန် ခက်သည်။

ဘုရင်စနစ်ကို အရေးဆိုခြင်းဖြင့် ဆန္ဒပြသူများသည် မရပ်နားတော့မည့် ကြီးမားသော လှုပ်ရှားမှုကို ထိထိရောက်ရောက် လုပ်ဆောင်နေသည်ဟု နာရီဆူအန်တက္ကသိုလ်မှ ပေါလ်ချမ်ဘာက ပြောသည်။

သမိုင်းပညာရှင်များနှင့် ကျောင်းသားခေါင်းဆောင်များကိုယ်တိုင်ပင် ယခင် ကျောင်းသားများဦးဆောင်သော လှုပ်ရှားမှုတစ်ရပ်၏ ဖြစ်ပျက်ခဲ့ရပုံနှင့် ပတ်သက်သော စိုးရိမ်စိတ်များ ရှိနေသည်။

၁၉၇၆ ခုနှစ်အောက်တိုဘာတွင် ကျောင်းသားလှုပ်ရှားမှုတစ်ရပ် အဆုံးသတ်ခဲ့ရပြီး သမ်မာဆတ်တက္ကသိုလ် လူအစုပြုံလိုက် သတ်ဖြတ်မှုဟု သမိုင်းတွင်ခဲ့ရသည်။

စစ်အာဏာရှင် ပြန်အုပ်ချုပ်သည်ကို ဆန့်ကျင်ဆန္ဒပြကျောင်းသားများကို သေသည့်အထိ ပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်းများနှင့် လုံထိန်းများ၊ ဘုရင့်ဖက်သား လူအုပ်များက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြသူများကို သေစေလောက်အောင် အင်အားသုံးသည့် နိုင်ငံသမိုင်းက ရှိနေသည်ဟု နိုင်ငံတကာပဋိပက္ခအုပ်စုမှ မတ်ဝီးလားက ပြောသည်။

“ပိုနေမြဲ ကျားနေမြဲအနေအထားမှာ အကျိုးအမြတ်ရနေသူတွေအတွက်တော့ အမြော်အမြင်မဲ့စွာ လုပ်ဆောင်လာမှာပဲ ဖြစ်တယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

သို့သော် အနောက်မဟာမိတ်များ၏ စောင့်ကြည့်ခံနေရသည့် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်၌ အင်အားအသုံးပြုခြင်းကို ရွေးချယ်လိမ့်မည်မဟုတ်ဟု အူဘွန်ရတ်ချာဌာနီတက္ကသိုလ်မှ နိုင်ငံရေးအကဲဖြတ် တီတီပေါက ပြောသည်။

အကယ်၍ ဖြိုခွင်းမှုများ လုပ်ဆောင်လာပြီး ကျောင်းသားများ သေကျေကြပြီဆိုလျှင် စစ်တပ်၏ အုပ်ချုပ်ပိုင်ခွင့် အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly