လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခြင်းမှ ပီရူးသမ္မတ လွတ်မြောက်

By AFP
20 September 2020
လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခြင်းမှ ပီရူးသမ္မတ လွတ်မြောက်
Photo - EPA

စက်တင်ဘာ ၂၀

ပီရူးသမ္မတ မာတင်ဗစ်ကာရာရဲ့ အတိုက်အခံတွေက သူ့ကို ရာထူးက ဖယ်ရှားဖို့ လိုအပ်တဲ့ မဲအရေအတွက် မရတာကြောင့် သောကြာနေ့မှာ လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခြင်းကနေ လွတ်မြောက်ခဲ့ပါတယ်။

အသက် ၅၇ အရွယ် သမ္မတကို ကျင့်ဝတ်သိက္ခာလော်မာခြင်းအတွက် စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ ပြီခဲ့တဲ့ အပတ်က မဲပေးခဲ့တာပါ။  

သမ္မတဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူတွေကို လိမ်လည်ထွက်ဆိုဖို့ သူ့ လက်ထောက်တွေကို တွန်းအားပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ၁၀ နာရီကြာ အခြေအတင် ဆွေးနွေးကြပြီးနောက် လွှတ်တော်အမတ် ၃၂ ဦးက သမ္မတကို ရာထူးက ဖယ်ရှားဖို့ မဲပေးပြီး ၇၈ ဦးက ကန့်ကွက်ကာ ၁၅ ဦးက ကြားနေခဲ့တာပါ။

Photo - AFP

အတိုက်အခံတွေအနေနဲ့ လူကြိုက်များတဲ့ သမ္မတ မာတင်ဗစ်ကာရာကို ဖယ်ရှားနိုင်ဖို့အတွက် အမတ် ၁၃၀ မှာ ၈၇ မဲ ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

“ပီးရူးနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက သတိတရားရှိပြီး တာဝန်သိဖို့ပါပဲ။”လို့ မဲပေးပွဲအပြီးမှာ ဗစ်ကာရာက တွစ်တာကနေ ရေးသားပါတယ်။

“ပီရူးနိုင်ငံသားတွေအတွက် အမှန်တကယ်လိုအပ်တာတွေကို ကျွန်တော်တို့ အတူတကွ လက်တွဲဆောင်ရွက်သွားကြပါစို့။”လို့လည်း သူက ရေးသားပါတယ်။

အခုလို သမ္မတကို စွပ်စွဲပြစ်တင်ရေးကို အဆိုတင်လာသူဟာ ပီရူးခေါင်းဆောင်အဖြစ် ဗစ်ကာရာနေရာမှာ အစားထိုးခန့်အပ်ခံရဖို့ရှိတဲ့ မာရီနိုဆိုသူပဲ ဖြစ်ပါတယ်။

မာရီနိုဟာ သမ္မတနေရာရဖို့အတွက် စစ်တပ်ရဲ့ ထောက်ခံချက်ရအောင် ကြိုးစားပြီး လျှို့ဝှက်ကြံစည်ခဲ့တယ်လို့ ဗစ်ကာရာက စွပ်စွဲပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ်က စတင်တာဝန်ထမ်းဆောင်တဲ့ ဗစ်ကာရာဟာ အသံသွင်းတိတ်ခွေ ပေါက်ကြားပြီးနောက်မှာ ခုလို ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်လာရတာပဲ ဖြစ်ပါတယ်။ လူကြိုက်များတဲ့ အဆိုတော်တစ်ဦးကို လစာပေး ယဉ်ကျေးမှုရေးရာအကြံပေးအဖြစ် အငြင်းပွားဖွယ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်စုံစမ်းစစ်ဆေးသူတွေကို အသေးစိတ်မပြောဘဲ ဖုံးကွယ်ထားဖို့ လက်ထောက်တွေကို ဗစ်ကာရာက ညွှန်ကြားထားတဲ့ အသံသွင်းတိတ်ခွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတ ဗစ်ကာရာကို ပီရူးပြည်သူတွေက ထောက်ခံမှုများပြီး နိုင်ငံသား ၁၀ ဦးမှာ ရှစ်ဦးက ၂၀၂၁ သက်တမ်းပြည့်တဲ့အထိ ဗစ်ကာရာကို ဆက်လက် တာဝန်ထမ်းဆောင်စေချင်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly