မာဒူရိုကို စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် တရားစွဲဖို့ ဒူကွေး တောင်းဆို

By AFP
20 September 2020
မာဒူရိုကို စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် တရားစွဲဖို့ ဒူကွေး တောင်းဆို

စက်တင်ဘာ ၂၀

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို စစ်ရာဇဝတ်ကျူးလွန်သူတစ်ဦးအဖြစ် တရားစွဲဆိုသွားဖို့ ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကွေးက စက်တင်ဘာ ၁၉ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တောင်းဆိုပြောကြားသွားခဲ့ပါတယ်။

မိုက် ပွန်ပဲယိုးဟာ ဆိုရှယ်လစ် ခေါင်းဆောင် အာဏာစွန့်လွှတ်ရေး တိုးမြှင့် ဖိအားပေးဖို့ ရည်ရွယ်ပြီး ဗင်နီဇွဲလားရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သုံးရက်ကြာ လှည့်လည်ခရီးသွားလာမှု အဆုံးသတ်ချိန်မှာပဲ ဒူကွေးက အထက်ပါ အတိုင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်တစ်ဦးဖြစ်တဲ့ ဒူကွေးက ပြောကြားရာမှာတော့ ဗင်နီဇွဲလားရဲ့ မာဒူရိုအစိုးရဟာ စနစ်တကျ ရှိလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာကို ယခုအပတ် ကုလအစီရင်ခံစာတစ်ရပ်က ပြသနေခဲ့ကြောင်း၊ ဒါကြောင့် ဒီလို အာဏာရှင်အစိုးရ ခေါင်းဆောင်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတစ်ဦးသာဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီအခြေအနေကို အဆုံးသတ်ရမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

“နီကိုလပ်စ် မာဒူရိုဟာ လူသားတို့အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိက တာဝန်ရှိသူ ဖြစ်တယ်” လို့ ကိုလံဘီယာ ခေါင်းဆောင်က ဘိုဂိုတာမြို့ သမ္မတအိမ်တော်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူရှိစဉ်မှာ ပြောသွားခဲ့ပါတယ်။  

လူသားတို့အပေါ် ကျူးလွန်တဲ့ ဖြစ်နိုင်ဖွယ်ရာ ပြစ်မှုတွေနဲ့ပတ်သက်လို့ မာဒူရိုနဲ့ ၎င်းရဲ့အနီးအနားမှာ ရှိသူတွေ  အဓိက တာဝန်ရှိတယ်ဆိုပြီး စာမျက်နှာ ၄၁၁ မျက်နှာပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစီရင်ခံစာ တစ်ရပ်ထဲမှာ စွပ်စွဲထားပါတယ်။

အဆိုပါ ကုလ အစီရင်ခံစာကတော့ အမှားတွေနဲ့ ပွထနေတဲ့ အစီရင်ခံစာသာဖြစ်တယ်လို့ ကာရာကက်စ်ဘက်က ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးကတော့ ကိုလံဘီယာခေါင်းဆောင် ဒူကွေးဟာ ဒေသနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာအတွက် စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ပြောသွားပါတယ်။

ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ဟွမ် ဂွိုင်ဒိုအပေါ် ဒူကွေးရဲ့ ထောက်ခံမှု၊ ကျူးဘား၊ ရုရှားနဲ့ အီရန်ရဲ့ ဆိုးဝါးတဲ့ လွှမ်းမိုးမှုတွေ ကင်းလွတ်မယ့် အချုပ်အချာအာဏာပိုင် ဗင်နီဇွဲလားနိုင်ငံဖြစ်ရေး ဒူကွေးရဲ့ ထောက်ခံမှုတို့ဟာ တန်ဖိုးကြီးလှတယ်ဆိုပြီးတော့လည်း ပွန်ပဲယိုးက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly