ခိုးယူခံထားရတဲ့ အစားမထိုးနိုင်တဲ့ စာအုပ်တွေကို ရိုမေးနီးယားမှာ ပြန်ရှာတွေ့ 

By AFP
20 September 2020
ခိုးယူခံထားရတဲ့ အစားမထိုးနိုင်တဲ့ စာအုပ်တွေကို ရိုမေးနီးယားမှာ ပြန်ရှာတွေ့ 
Photo - AFP

စက်တင်ဘာ ၂၀ 

၂၀၁၇ ခုနှစ်မှာ ဗြိတိန်က ဂိုဒေါင်တစ်ခုကနေ ပျောက်ဆုံးသွားခဲ့တဲ့ ရာစုနှစ်နဲ့ချီ သက်တမ်းရှိ အဖိုးတန် စာအုပ်ပေါင်း ၂၀၀ ခန့်ကို ယခုအခါ ပြန်လည် ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း ရိုမေးနီးယား အစိုးရရှေ့နေတွေက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။ 

ခုလို ပြန်လည်တွေ့ရှိခဲ့တဲ့ အစားမထိုးနိုင်တဲ့ စာအုပ်တွေထဲမှာ ဆိုရင် ဂယ်လီလီယို ဂယ်လီလိုင်၊ အိုင်းဆက် နယူတန် နဲ့ ဒန်တေ အလီဂီရီ တို့ရဲ့ လက်ရာစာအုပ်တွေလည်း ပါဝင်နေပါတယ်။ 

ဂယ်လီလီယိုနဲ့ နယူတန် တို့ရဲ့ ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်တွေ၊ အီတလီ ပညာရှင် ပီထရာချ့်ရဲ့ စာအုပ်၊ ဒန်တေရဲ့ ရှားပါး လက်ရာဗားရှင်းတွေနဲ့ စပိန် ပန်းချီပညာရှင် ဖရန်စစ္စကို ဒီ ဂိုယာရဲ့ ပုံဆွဲစာအုပ်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ လန်ဒန်အနီး ဖယ်လ်သမ် မြို့က ဂိုဒေါင်တစ်ခုကနေ သူခိုးခိုးခံခဲ့ရပါတယ်။ 

သူခိုးတွေဟာ ဂိုဒေါင် အမိုးကနေ ဝင်ပြီး ဂိုဒေါင်ကြမ်းပြင်အထိ ၁၂ မီတာအမြင့်ကို ကြိုးနဲ့ လျှောဆင်းခဲ့ကြတာဖြစ်ပါတယ်။ ယင်းနောက် ၎င်းတို့ဟာ လှုပ်ရှားမှု အာရုံခံ ဆင်ဆာတွေကို ရှောင်တိမ်းပြီး အမေရိကန် လေလံပွဲတစ်ခုအတွက် လျာထားတဲ့ တန်ဖိုးကြီး လက်ရာစာအုပ်တွေကို နာရီနဲ့ချီ မွှေနှောက်ရှာဖွေခဲ့ကြရပါတယ်။ 

ယင်းနောက် အဆိုပါ သူခိုးတွေဟာ လာရာလမ်းကနေ ပြန်ထွက်သွားခဲ့ကြပြီး ၎င်းတို့နဲ့အတူ ပါသွားတဲ့ စာအုပ်တွေရဲ့ စုစုပေါင်း တန်ဖိုးဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂ ဒသမ ၄ သန်း (ယူရို ၂ သန်း) ခန့် ရှိခဲ့ပါတယ်။ 

ရဲတွေဟာ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ သံသယရှိသူ ရိုမေးနီးယားနိုင်ငံသားလေးဦးကို ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လက ဖမ်းဆီးခဲ့ပြီး ယင်းအချိန်က ၎င်းတို့ဟာ နိုင်ငံအနောက်မြောက်ပိုင်းက အဆောက်အအုံ ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့စဉ်မှာ ခုလို ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ နိုင်ငံသားအမည် ထုတ်ဖော်ခြင်းမရှိတဲ့ အခြားလူ ၁၀ ဦးဟာလည်း ဗြိတိန်မှာ အဖမ်းခံခဲ့ရပါတယ်။ 

ဒါပေမယ့် တူရင်မြို့မှာ ရိုမေးနီးယားနိုင်ငံသား သံသယရှိ ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ဇန်နဝါရီလမှာ ဖမ်းဆီးရမိမှုကတော့ ဒီ အဖိုးတန် စာအုပ်တွေ ပြန်ရှာတွေ့မှုအတွက် အဓိကကျခဲ့တယ်လို့ အီးယူအေဂျင်စီ Eurojust က ပြောပါတယ်။ 

သူခိုးတွေ ခိုးသွားတဲ့ စာအုပ်တွေကိုတော့ ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Neamt ကောင်တီက နေအိမ်တစ်လုံးမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ 

တချိန်တည်းမှာလည်းပဲ အစားမထိုးနိုင်တဲ့ စာအုပ်တွေ မြေအောက်မှာ ဝှက်ထားတာကို ပြန်ရှာတွေ့ခဲ့ပြီ ဆိုပြီး လန်ဒန် မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့ကလည်း ယင်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဓာတ်ပုံတစ်ပုံတင်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ စာအုပ်တွေကို စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုက စီစဉ်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဂိုဏ်းဟာ အဖွဲ့သားတွေကို ယူကေကို လေယာဉ်နဲ့ လွှတ်ပြီး ပြစ်မှုတွေကို ကျူးလွန်စေခဲ့ကြောင်း၊ ယင်းနောက် မကြာမီ ယူကေကနေ ပြန်လည်ထွက်ခွာစေခဲ့တာဖြစ်ကြောင်း လန်ဒန် မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required