ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်မြို့ ဒီမိုကရေစီလိုလားတဲ့ စုဝေးဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်

By AFP
20 September 2020
ထိုင်းဆန္ဒပြသူတွေ ဘန်ကောက်မြို့ ဒီမိုကရေစီလိုလားတဲ့ စုဝေးဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်
Photo - AFP

စက်တင်ဘာ ၂၀ 

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က ဥယျာဉ်ပန်းခြံတစ်ခုမှာ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး နိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ဖို့တို့ကို တောင်းဆိုသွားခဲ့ကြပါတယ်။ 

အာဏာသိမ်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ပရာယွတ် ချန်အိုချာဟာ အကြံအဖန်လုပ်ထားတဲ့ စနစ်တစ်ခုနဲ့ ရွေးကောက်ပွဲ နိုင်ထားခဲ့တာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ယုံကြည်နေပါတယ်။ 

“ဘုရင်စနစ်က ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ မရှိဘူးဆိုရင် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဘယ်တော့မှ ရမှာမဟုတ်ဘူး” လို့ ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အနွန် နမ်ပါက ပြောသွားပါတယ်။ 

ထိုင်း ကျောင်းသား တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံမှာ နှစ်များစွာအတွင်း အကြီးဆုံး ဆန္ဒပြပွဲတစ်ခုကို ဆင်နွှဲကြပြီးနောက် စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ အာဏာပိုင်တွေကို ဖီဆန်ပြီး အစိုးရရုံးစိုက်ရာနေရာအထိ ချီတက်ကြဖို့ ရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ၂၀၁၄ အာဏာသိမ်းမှုကို အဓိကဦးဆောင်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရအဖွဲ့ နုတ်ထွက်ရေး တောင်းဆိုတဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ နှစ်လအတွင်း နေ့တိုင်းနီးပါး မြင်တွေ့ထားခဲ့ရပါတယ်။ 

ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၉ ရက်မှာ ဘန်ကောက်မြို့ တော်ဝင်နန်းတော်နဲ့ ကပ်လျက်မှာ တည်ရှိတဲ့ သမိုင်းဝင် Sanam Luang ပန်းခြံမှာ စုဝေးခဲ့ကြပြီး ယင်းမှာတော့ ဆန္ဒပြပွဲ စီစဉ်သူတွေဟာ နိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်တောင်းဆိုခဲ့သလို တော်ဝင်မိသားစုအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

“ပြည်သူတွေရဲ့ စိတ်ဆန္ဒဟာ မိုးထက်တောင် ပိုအားပြင်းပါတယ်” လို့ ဆန္ဒပြပွဲစီစဉ်သူ ပါရစ် ချီဝါရက်က စက်တင်ဘာ ၁၉ ရက် ညပိုင်းမှာ ပြောပါတယ်။ မိုးရွာသွန်းမှုတွေ ရှိခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ မိုးရေအောက်မှာ ထီးတွေနဲ့ ကြံ့ကြံ့ခံ စုဝေးခဲ့ကြပါတယ်။ 

စနေနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ အရေအတွက် ၁၈,၀၀၀ လောက် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် ဆန္ဒပြပွဲစီစဉ်သူတွေကတော့ ဆန္ဒပြသူအင်အားဟာ အဆိုပါ ပမာဏထက် အတော့်ကို ပိုများခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly