အစ္စရေးမှာ ဒုတိယအကြိမ် တစ်နိုင်ငံလုံး လော့ဒေါင်းချ 

အစ္စရေးမှာ ဒုတိယအကြိမ် တစ်နိုင်ငံလုံး လော့ဒေါင်းချ 
Photo - AFP

စက်တင်ဘာ ၂၀

ကမ္ဘာ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး နိုင်ငံများမှ တစ်နိုင်ငံအဖြစ်ကို ထိန်းချုပ်ကိုင်တွယ်ရန်အတွက် အစ္စရေးနိုင်ငံဟာ သောကြာနေ့က စတင်ပြီး ဒုတိယအကြိမ် တစ်နိုင်ငံလုံး လော့ဒေါင်းချလိုက်ပြီ ဖြစ်ပါတယ်။ 

ဂျူးအားလပ်ရက်ရာသီရက်တွေ မစခင်မှာပဲ နာရီပိုင်းအလိုမှာ တစ်နိုင်ငံလုံး လော့ဒေါင်းချကြောင်းကို ကြေညာလိုက်တာပါ။ 

ဂျူးနှစ်သစ်ကူးဖြစ်တဲ့ ရို့ဟာရှာနာပွဲမတိုင်ခင် နာရီပိုင်းအလို နေ့လယ် ၂ နာရီက စတင်ပြီး သီတင်းသုံးပတ်တာ လော့ဒေါင်းချတာ ဖြစ်ပြီး ယွမ်ကီပူးနဲ့ ဆို့ကော့တို့အပါအဝင် အခြား အဓိကဘာသာရေးအားလပ်ရက်တွေအထိ လော့ဒေါင်းသက်ဝင်မှာ ဖြစ်ပါတယ်။ 

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာလို့ ကျန်းမာရေးအာဏာပိုင်တွေက အထူးသတိပေးလာတာကြောင့် လော့ဒေါင်းချဖို့ လိုအပ်ကြောင်းကို ဝန်ကြီးချုပ် နေတန်ယာဟုက ကြာသပတေးနေ့မှာ ပြောထားခဲ့တာ ဖြစ်ပါတယ်။ 

“ကျန်းမာရေးစနစ်ဟာ အနီရောင်သတိပေးချက် ရှိလာပြီ။ ကျွန်တော်တို့ ကျန်းမာရေးလိုအပ်ချက်နဲ့ စီးပွားရေးလိုအပ်ချက်တွေကြား ဟန်ချက်ညီတဲ့ အရာတိုင်းကို လုပ်ဆောင်နေတာ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

ကပ်ဘေးကို မတ်လအတွင်းက တင်းကြပ်တဲ့ လော့ဒေါင်းချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ပတ်သက်လို့ အစိုးရက ချီးကျူးခံခဲ့ရတာ ဖြစ်ပေမယ့် မကြာသေးတဲ့ လတွေအတွင်းမှာ ကပ်ဘေးကို ကက်ဘိနက်အစိုးရအဖွဲ့က လွဲမှားစွာ စီမံနေတယ်ဆိုပြီး ပြည်သူတော်တော်များများက စိတ်ပျက်ကြောင်း ပြောဆိုလာကြပါတယ်။ 

“တိုင်းပြည်ကို ဒီပုံစံမျိုးနဲ့ ချိတ်မပိတ်နိုင်ဘူး။”လို့ အရောင်းရဆုံး Yediot Aharonot နေ့စဉ်သတင်းစာက ဆရာဝန်တွေ၊ စီးပွားရေးသမားတွေနဲ့ ဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူးပြီး ခေါင်းကြီးစာလုံးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ 

အင်တာဗျူးသူအားလုံးဟာလည်း လော့ဒေါင်းချတာကို ဆန့်ကျင်ပြောဆိုကြတာ ဖြစ်ပါတယ်။ 

အစ္စရေးနိုင်ငံဟာ ကမ္ဘာ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဒုတိယအမြန်ဆုံး နိုင်ငံဖြစ်နေကြောင်း ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တာအတွက် အေအက်ဖ်ပီရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ 

ကြာသပတေးနေ့ တစ်နေ့တည်းမှာပဲ စမ်းသပ်မှု ၅၆၉၈၆ ခု လုပ်ဆောင်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း တွေ့ရှိသူက ၅၂၃၈ ဦး ရှိပါတယ်။ လူဦးရေ ကိုးသန်းရှိတဲ့ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၆၉ ဦး ရှိထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly