ထိုင်းနိုင်ငံ ဥပဒေပုဒ်မ ၁၁၂  တော်ဝင်ဘုရင်မင်းမြတ်ကို အသရေဖျက်မှု 

By AFP
20 September 2020
ထိုင်းနိုင်ငံ ဥပဒေပုဒ်မ ၁၁၂  တော်ဝင်ဘုရင်မင်းမြတ်ကို အသရေဖျက်မှု 
Photo - AFP

စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံတွင်ဘုရင်စနစ်ကို ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးဖြစ်သည့် တော်ဝင်ဘုရင်မင်းမြတ်ကို အသရေ ဖျက်မှုဥပဒေများဖြင့်ကာကွယ်ထားပြီး ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန် ကိုမည်သည့်ဝေဖန်မှုမျှ မပြုလုပ်နိုင်အောင်ဆောင်ရွက်ထားသော်လည်း နိုင်ငံအတွင်းတွင် ဝေဖန်မှုများရှိနေဆဲဖြစ်သည်။ 

အချို့သောကျောင်းသားခေါင်းဆောင်များကဒီမိုကရေစီရေးလှုပ်ရှားမှုတစ်ခုတွင်အဆိုပါဥပဒေများကို ဖျက်သိမ်းပေးရန်တောင်းဆိုခဲ့ပြီးဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန်တောင်းဆိုသည့်ဆန္ဒပြမှုကို စနေနေ့တွင်ပြုလုပ်ရန်ထိုင်းနိုင်ငံသားထောင်ပေါင်းများစွာကမျှော်လင့်လျက်ရှိကြသည်။

ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဘုရား၊ အိမ်ရှေ့စံ(သို့မဟုတ်)ရင်ခွင်ပိုက်အစိုးရ တို့ကိုစော်ကားခြင်း(သို့မဟုတ်)ခြိမ်းခြောက်ခြင်းစသည့်အသရေဖျက်မှုကိုကျူးလွန်ခဲ့လျှင်ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။ 

သို့ရာတွင်ဘုရင်အကြောင်းကို ဆိုရှယ်မီဒီယာများတွင်စာဖြင့်ရေးသားခြင်း(သို့မဟုတ်)ဖြန့်ဝေခြင်းများ အပါအဝင်မည်သည့်ဝေဖန်ပြောဆိုမှုကိုမဆိုအဆိုပါဥပဒေကိုကျုးလွန်ခြင်းဖြစ်သည်ဟုသတ်မှတ်ထားကြ သည်။  

ယခုအချိန်ထိပြင်းထန်သောပြစ်ဒဏ်များချမှတ်နေသေးသလော။ ၂၀၁၇ ခုနှစ်တွင်လူတစ်ဦးသည် ဖေ့စ်ဘုတ်တွင်တော်ဝင်မိသားစုနှင့်ပတ်သက်သည့်ပို့စ်များနှင့်မှတ်ချက်များကိုဆက်တိုက်တင်ခဲ့သော ကြောင့်ထောင်ဒဏ် ၃၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ 

မည်သူမဆိုဥပဒေအရစွပ်စွဲမှုများကိုပြုလုပ်နိုင်ပြီးအာဏာပိုင်များအနေဖြင့်စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည်။ 

တော်ဝင်မိသားစုကိုဝေဖန်ပြောဆိုမှုကြောင့်ဖမ်းဆီးခံရသူ၊ တရားစွဲခံရသူ(သို့မဟုတ်)ပြစ်ဒဏ်ကျခံရသူ အရေအတွက်ကိုပွင့်လင်းစွာထုတ်ပြန်ခြင်းမရှိဘဲ အာဏာပိုင်များထံမှတစ်စွန်းတစ်စသာသိရှိရသည်။ 

သို့သော် ၂၀၁၄ ခုနှစ်တွင်အာဏာသိမ်းခဲ့သောတော်ဝင်မိသားစုကိုဦးထိပ်ထားသည့်စစ်အစိုးရတက်လာ ခဲ့ပြီးနောက်ပိုင်းပုဒ်မ ၁၁၂ ဖြင့်တရားစွဲဆိုမှုများပိုမို များပြားလာခဲ့သည်။ 

တရားဥပဒေအရအကူအညီပေးရေးအဖွဲ့များထံမှအချက်အလက်များအရ ၂၀၁၄ ခုနှစ်မတိုင်မီကဘုရင်ကို အသရေဖျက်မှုဖြင့်ပြစ်ဒဏ်ကျခံရသူမှာခြောက် ဦး သာရှိကြောင်းသိရှိရသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ငါးနှစ်တာကာလအတွင်း အဆိုပါဥပဒေအရပြစ်ဒဏ်ကျခံရသူဦးရေမှာတစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး ၁၆၉ ဦး အထိရှိလာခဲ့သည်။ 

အဆိုပါဥပဒေအရတရားစွဲခံရသူအားလုံးနီးပါးမှာပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။သို့သော်တရားစွဲခံရသူတို့ကနောင်တရ၍အသနားခံပါကပြစ်ဒဏ်ကိုထက်ဝက်လျှော့ချပေးသည်။ 

ဥပဒေလေ့လာရေးနှင့်လူ့အခွင့်အရေးစည်းရုံးလှုံ့ဆော်သူများက ပုဒ်မ ၁၁၂ နှင့်အခြားဥပဒေများသည် နိုင်ငံအတွင်းသဘောထားကွဲလွဲသူများကိုအဓိကထားတရားစွဲဆိုသည့်အွန်လိုင်းရာဇဝတ်မှုဆိုင်ရာပုဒ်မ နှင့် နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှုတို့နှင့်တူညီသည်ဟုပြောကြားခဲ့သည်။ 

ဘုရင်စနစ်ကိုထောက်ခံသည့်ထိုင်းတပ်မတော်သည်မိမိကိုယ်မိမိဘုရင်စနစ်ကိုကာကွယ်သူဟုဆိုကာ အာဏာသိမ်းမှုများတွင်တရားမျှတမှုရှိစေရန်နှင့်နိုင်ငံရေးကိစ္စများတွင်ဝင်ရောက်စွက်ဖက်နေသည်မှာ ကာလရှည်ကြာနေပြီဖြစ်သည်။ 

သို့သော်ဝေဖန်သူများက ထိုင်းတပ်မတော်သည် နိုင်ငံရေးပြိုင်ဘက်များ ကိုနှိမ်နင်းရန်နှင့်အာဏာကို တင်းကျပ်စွာချုပ်ကိုင်ထားရန်အတွက်ဘုရင်စနစ်ကိုကာကွယ်သည်ဟူသောမျက်နှာဖုံးကိုစွပ်ထားလေ့ ရှိသည်ဟုပြော ကြားခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင်ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေးဗစ်ကရဲ က “အဆိုပါဥပဒေများသည်ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင်ရှိမနေသင့်ကြောင်း” ပြောကြားကာ ပုဒ်မ ၁၁၂ အရတရားစွဲဆိုမှုများကိုရပ်တန့်ပေးရန် ထိုင်းအစိုးရထံတိုက်တွန်း ပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင်ပုဒ်မ ၁၁၂ ဖြင့်တရားစွဲဆိုမှုမှာနည်းပါးသွားပြီဖြစ်သည်။ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ  က “ဘုရင်မင်းမြတ်၏မေတ္တာရပ်ခံချက်အရအစိုးရသည်အဆိုပါပုဒ်မဖြင့်တရားစွဲဆိုမှုမပြုလုပ်တော့” ကြောင်းပြောကြားခဲ့သည်။သို့သော်ထိုင်းတပ်မတော်သည်ဝက်ဘ်ဆိုက်များကိုစောင့်ကြည့်ခဲ့ပြီးပုဒ်မ ၁၁၂ ကိုဖောက်ဖျက်ခဲ့သူများကိုသတင်းပေးပို့ခဲ့သည်။ 

ယခုဆယ်စုနှစ်များအတွင်းဆိုရှယ်မီဒီယာများနှင့်သရော်စာများအပါအဝင်တော်ဝင်မိသားစုကိုအသရေ ဖျက်မှုများကိုအစိုးရရှေ့နေများမှစောင့်ကြည့်ပြီးအကျယ်ချဲ့ပြောကြားခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်တွင်အစိုးရဆန့်ကျင်သူတစ်ဦးသည်ဖေ့စ်ဘုတ်တွင်သတင်းတစ်ခုတင်ခဲ့ပြီးနောက် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော်၎င်းတင်သောသတင်းကို ဝေမျှသူ ၂၀၀၀ ကျော်ရှိခဲ့သည်။ 

၎င်းသည်ထောင်ဒဏ်နှစ်နှစ်ခြောက်လချမှတ်ခံရပြီးယမန်နှစ်ကဘုရင်၏လွတ်ငြိမ်းချမ်းသာခွင့်အရပြစ် ဒဏ်ကိုလျှော့ပေါ့ပေးခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင်လူတစ်ဦးသည်ဘုရင်ဘူမိဘောအဒူလျာဒက်၏အချစ်ဆုံးခွေး နှင့်ပတ်သက်၍သရော် သည့်မှတ်ချက်များရေးခဲ့သောကြောင့်တရားစွဲဆိုခံခဲ့ရသည်။ 

ထိုင်းနိုင်ငံမှလွဲ၍တော်ဝင်မိသားစုကို အသရေဖျက်မှုဥပဒေကိုအများဆုံး အသုံးပြုသည့်နိုင်ငံမရှိသော် လည်းသမိုင်းပညာရှင် ဒေးဗစ်စထရက်ဖစ်စ် က”၂၀၀၆ခုနှစ်နောက်ပိုင်းအဆိုပါပုဒ်မဖြင့်တရားစွဲဆိုမှုတွင် ထိုင်းနိုင်ငံမှဦးဆောင်လျက်ရှိနေသည်” ဟုပြောကြားခဲ့သည်။ 

ပြည်တွင်းပြည်ပရှိမီဒီယာများသည် ယေဘူယျအားဖြင့်ဘုရင်စနစ်နှင့်ဘုရင်အားဝေဖန်ပြောဆိုသည့် သတင်းများတွင်ကိုယ်တိုင်စိစစ်တည်းဖြတ်ကြရသည်။ ထိုသို့မဟုတ်ပါကတရားစွဲဆိုခံရနိုင်ဖွယ်ရှိသည်။ 

လက်ရှိဖြစ်ပေါ်နေသည့်ဒီမိုကရေစီရေးဆန္ဒပြပွဲကဲ့သို့သော အသေးစိတ်သတင်းများရေးသားရာတွင် သတင်းထောက်များမှာစွန့်စားရေးသားကြရသည်။

သတင်းကိုပြန်လည်ဝေမျှသည့်စာဖတ်သူများသည်လည်းတရားစွဲဆိုခံရနိုင်ပြီး ပုဒ်မ ၁၁၂ အရဥပဒေ ချိုးဖောက်သူအဖြစ်အဓိပ္ပါယ်ကောက်ကာ တရားစွဲခံရနိုင် သည်။ 

ထိုင်းနိုင်ငံတွင်ဒီမိုကရေစီရေးဆန္ဒပြလှုပ်ရှားမှုများမှာအရှိန်အဟုန်မြင့်လျက်ရှိပြီးယခုရက်သတ္တပတ် များအတွင်းလမ်းပေါ်ထွက်ဆန္ဒပြသူထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ 

ကျောင်းသားခေါင်းဆောင်များအပါအဝင်ထင်ရှားသောခေါင်းဆောင်များသည်ပုဒ်မ ၁၁၂ ကိုဖျက်သိမ်းရန် အချက်အပါအဝင် ထိုင်းတော်ဝင်မိသားစု၏အခန်းကဏ္ဍကိုပွင့်လင်းစွာဆွေးနွေးရန်တောင်းဆိုနေကြ သည်။ 

ဘုရင်မဟာဗာဂျီယာလောင်ကွန်သည်နိုင်ငံ၏အထွဋ်အထိပ်ဖြစ်ပြီး၎င်းကိုထိုင်းတပ်မတော်နှင့်စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးများကဝန်းရံထားလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly