ဂရိရွှေ့ပြောင်းဒုက္ခသည်တွေကို ယာယီစခန်းသစ်မှာ နေရာချထားပေး

By AFP
19 September 2020
ဂရိရွှေ့ပြောင်းဒုက္ခသည်တွေကို ယာယီစခန်းသစ်မှာ နေရာချထားပေး

စက်တင်ဘာ ၁၉

ပြီးခဲ့တဲ့ သီတင်းပတ်က ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဥရောပရဲ့ အကြီးဆုံးကယ်ဆယ်ရေးစခန်းဖြစ်တဲ့ မိုရီယာကယ်ဆယ်ရေးစခန်း မီးလောင်ခဲ့တာကြောင့်  နေစရာမဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို စခန်း ဟောင်းနဲ့ ကီလိုမီတာအနည်းငယ်ကွာဝေးတဲ့ ကာရာတယ်ပဲမြို့အနီး နေရာသစ်တစ်ခုမှာ ယာယီနေရာပေးလိုက်ပါတယ်။  

ခိုလှုံခွင့်တောင်းသူ ထောင်ပေါင်းများစွာအတွက် စက်တင်ဘာ ၁၇ ရက်က လက်စ်ဘော့စ်ကျွန်းပေါ်မှာရှိတဲ့ အဆိုပါကယ်ဆယ်ရေးစခန်းသစ်ကို စဖွင့်ခဲ့တာဖြစ်ပါတယ်။  

အလျင်စလိုဆောက်လိုက်တဲ့ ကယ်ဆယ်ရေးစခန်းသစ်မှာ ပြန်လည်နေရာချပေးဖို့အတွက် ရဲတွေဟာ လမ်းဘေးတဲတွေထဲမှာ အိပ်ပျော်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို လိုက်နှိုးခဲ့ကြပါတယ်။  

စခန်းရွှေ့ပြောင်းရေးလုပ်ငန်းစဉ်အတွက် တာဝန်ပေးအပ်ထားတဲ့သူတွေထဲမှာ ရဲမေ အယောက် ၇၀ လည်း ပါပါတယ်။  

ခိုလှုံခွင့်တောင်းခံတဲ့ အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်တစ်ဦးဖြစ်တဲ့ ရှာရီဖီက “ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းသစ်ကို ရွှေ့ရမှာပါ။ မရွှေ့ရင် ခိုလှုံခွင့်တောင်းခံတာ ငြင်းပယ်ခံရပါလိမ့်မယ်” လို့ ပြောပါတယ်။

ဆူဒန်က မူစတာဖာဆိုသူကလည်း “ကျွန်တော်တို့တွေ ကယ်ဆယ်ရေးစခန်းနေရာကို မသွား, သွားအောင်လို့ စခန်းထဲကလူကိုပဲ ရိက္ခာပေးတဲ့ မူကို သူတို့က ကျင့်သုံးကြတာပါ” လို့ပြောပါတယ်။  

ကွန်ဂိုက ရွှေ့ပြောင်းဒုက္ခသည်တစ်ဦးဖြစ်တဲ့ စကော့တီက “ကျွန်တော့်အနေနဲ့ ရွေးချယ်စရာမရှိရင် နောက်ဆုံးတော့ ကယ်ဆယ်ရေးစခန်းထဲကိုပဲ ဝင်ရမှာပါ။ အခုတော့ စခန်းအပြင်ဘက်မှာပဲ နေ,နေပါတယ်” လို့ဆိုပါတယ်။  

ကြာသပတေးနေ့ညနေပိုင်းအထိ ယာယီစခန်းသစ်ကို ဝင်ရောက်သူ ၅ ၀၀၀ လောက်ရှိတယ်လို့ လူမှုကြီးကြပ်ရေးဝန်ကြီး နော့တစ်မီတာရာချီက ပြောပါတယ်။  

ရွှေ့ပြောင်းဒုက္ခသည်တွေထဲက ၁၃၅ ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး သီးသန့် ထား,ထားရပါတယ်။ ကျန်နေသေးတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၇ ၀၀၀ ခန့်ကိုလည်း လာမယ့်ရက်တွေအတွင်းမှာ နေရာချပေးသွား မှာဖြစ်တယ်လို့ မီတာရာချီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly