၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိလိမ့်မည်ဟု စီရော်နယ်ဒို ဆို

၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိလိမ့်မည်ဟု စီရော်နယ်ဒို ဆို

မက်ဒရစ်၊ နိုဝင်ဘာ ၁၃ ။               ။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိလိ့မ်မည်ဟု ထင်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ၎င်းမှာ ကစားသမားဘဝတစ်လျှောက်အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သော်လည်း မက်ဆီက ဆုဖလားများရယူနိုင်ခဲ့သည့်အတွက် မက်ဆီသာ ရရှိလိမ့်မည်ဟု စီရော်နယ်ဒိုက ဆိုသည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားသူ ဖြစ်သည်။

'မဲပေးတဲ့နေရာမှာ ဆုဖလားဆွတ်ခူးနိုင်မှုက အများကြီး အရေးပါ ပါတယ်။ တစ်ဦးချင်းစွမ်းဆောင်မှုအရကြည့်မယ်ဆိုရင် ကျွန်တော်က ဥရောပမှာ ဂိုးအများဆုံးသွင်းနိုင်ခဲ့ပြီး ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိခဲ့ပေမယ့် မက်ဆီက ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာပါ။ သူက ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားတွေလည်း ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ကျွန်တော်တို့နှစ်ဦးပဲ ရရှိခဲ့တာက အလွန်ကိုကောင်းပါတယ်။ အရင်က ဒါမျိုးလုံး၀ မရှိခဲ့ပါဘူး။ ကျွန်တော်နဲ့ မက်ဆီရဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ သူနဲ့ကျွန်တော်က သူငယ်ချင်းဟောင်းတွေ မဟုတ်ကြပေမယ့် တစ်ဦးကို တစ်ဦး လေးစားမှု ရှိကြပါတယ်' ဟု စီရော်နယ်ဒိုက ပြောသည်။

ထို့နောက်တွင် ရီးယဲလ်တိုက်စစ်မှူးက ၎င်းအနေဖြင့် ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားပြီး အနာဂတ်တွင် ကမ္ဘာ့အကောင်ဆုံးဘောလုံးသမားဆုကို ထပ်မံရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း   ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly