အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းဆန္ဒပြသူများနဲ့ အစ္စရေးစစ်တပ်ကြား ထိပ်တိုက်တွေ့

By AFP
19 September 2020
အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းဆန္ဒပြသူများနဲ့ အစ္စရေးစစ်တပ်ကြား ထိပ်တိုက်တွေ့
Photo - AFP

စက်တင်ဘာ ၁၉

သိမ်းပိုက်ခံ အနောက်ဖက်ကမ်းက ဟီဘရွန်းမြို့မှာ သောကြာနေ့က ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေး စစ်တပ်တို့အကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ပါလက်စတိုင်းဆန္ဒပြသူတွေဟာ အစ္စရေးစစ်သားတွေဆီ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပြီး အစ္စရေးစစ်သားတွေက ရော်ဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်ကာ ပြန်လည်တုံ့ပြန်ပါတယ်။

ပါလက်စတိုင်းအနေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကြားမှာ ရေရှည်ဆက်ဆံမှု တည်ဆောက်ထားတာဖြစ်ပေမယ့် ဒေသတွင်း မဟာမိတ်အခင်းအကျင်း အပြောင်းအလဲမှာ ပိုပြီး အထီးကျန်လာခဲ့ပြီး မိတ်ဆွေသစ် လိုအပ်လာနေ ပြီဖြစ်တယ်လို့ အကဲဖြတ်တွေက ပြောကြပါတယ်။

ပါလက်စတိုင်းအတွက် နောက်ဆုံးထိုးနှက်ချက်ကတော့ ဘာရိန်းနိုင်ငံဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း သဘောတူညီချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးခင်က ကြေညာ လိုက်တာပါ။

ဒီမတိုင်ခင် ပြီးခဲ့တဲ့လကလည်း ထရမ့် ကြားဝင်ကူညီပြီး ယူအေအီးနိုင်ငံနဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး ထူထောင်ကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခင်းအကျင်း အပြောင်းအလဲက ပါလက်စတိုင်းတွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်ရပြီး “ပါလက်စတိုင်းနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်အဖြစ် ပြောဆိုပါတယ်။

အခုသီတင်းပတ်မှာ ကျင်းပခဲ့တဲ့ အဖွဲ့ဝင် ၂၂ နိုင်ငံပါ အာရပ်အဖွဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်မှာလည်း နိုင်ငံခြားရေးဝန်ကြီးတွေဟာ အစ္စရေးနဲ့ ယူအေအီး ပုံမှန်ဆက်ဆံရေး ထူထောင်မှုကို ရှုတ်ချပြီး ပါလက်စတိုင်းဖက်က ရပ်တည်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။

ယူအေအီးနိုင်ငံကတော့ ခုလို အစ္စရေးနဲ့ သဘောတူညီချက်ယူတာဟာ အနောက်ဖက်ကမ်းမှာ အခြေစိုက်အိမ်ရာတွေ တိုးချဲ့မယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အဆိုပြုထားချက်ကို ရပ်တန့်သွားအောင် နည်းလမ်းတစ်နည်းအဖြစ် လုပ်ဆောင်တာလို့ ခုခံကာကွယ်ပါတယ်။

ဒါပေမယ့် နေတန်ယာဟုကတော့ အခြေစိုက်အိမ်ရာတွေ တိုးချဲ့မှာကို ရေရှည်ရပ်နားထားဖို့ အစီအစဉ် မရှိဘူးလို့ အတိအလင်းပြောထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly