မယ်စဲ့တွင် မဲဆွယ်ပွဲ ရက်တိုက်နေကြောင်း NLD တင်ပြမှုကြောင့် ကော်မရှင်က ရက်များ ပြောင်းလဲ

မယ်စဲ့တွင် မဲဆွယ်ပွဲ ရက်တိုက်နေကြောင်း NLD တင်ပြမှုကြောင့် ကော်မရှင်က ရက်များ ပြောင်းလဲ
ကယန်းအမျိုးသား ပါတီ (KNP) က မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် (ဓာတ်ပုံ - KNP/Facebook)

စက်တင်ဘာလ ၁၉၊ ၂၀၂၀

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကယန်းအမျိုးသား ပါတီ (KNP) နှင့် မဲဆွယ်စည်းရုံးရေး ရက်တိုက်သွားသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တင်ပြခဲ့ပြီး ကော်မရှင်က မဲဆွယ်ပွဲရက်များ ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတွင် ကယန်းအမျိုးသား ပါတီဝင်များနှင့် NLD ပါတီမှ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့ မဲဆွယ် စည်းရုံးရေး ဆင်းသည့်ရက် တိုက်ဆိုင်သွားသောကြောင့် NLD က ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး (ခ) လွီးစီငြိမ်းက ပြောသည်။

မယ်စဲ့မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ဦးအယ်လ်ဖောင်းရှို ကိုယ်တိုင် ဖုန်းဖြင့် ကော်မရှင်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမကို အတည်ပြုသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆင်းမည့် နေ့ရက်များကို မတိုက်အောင် ပါတီ ရှစ်ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ကို ခေါ်ပြီး ရက်ပြန်လည် သတ်မှတ်ပေး ခဲ့ပြီး ဖြစ်ကြောင်းလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြောသည်။

ယင်းသို့ မဲဆွယ်စည်းရုံးရေးရက် ပြန်လည် သတ်မှတ်ပေးလိုက်ခြင်းကြောင့် ပါတီအချို့ အခက်အခဲများ ကြုံရကြောင်းလည်း သိရသည်။

KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ဥပမာ ကျောက်စု ဆိုတဲ့ရွာကို ကျွန်တော်တို့ သွားခဲ့ပြီးပြီ။ ဒါပေမယ့် အခု အချိန်ဇယား ပြန်ဆွဲတော့ မနက်ဖြန်ဆို ကျောက်စုရွာကို ကျွန်တော် ပြန်သွားရတော့မလိုလို ဖြစ်သွားတယ်။ ဘယ်လိုခေါ်မလဲ၊ ရက်တွေ အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် ကမောက်ကမ ဖြစ်သွားကုန်တယ်” ဟု ပြောသည်။  

NLD ပါတီ ကိုယ်စားပြု ဦးအယ်လ်ဖောင်းရှိုသည် မယ်စဲ့မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်း အပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် KNP ပါတီကို အသက်အငယ်ဆုံး ၂၈ နှစ်အရွယ်မှ အသက် ၄၀ အရွယ်အတွင်း လူလတ်ပိုင်းများက ဦးဆောင်၍ ကယားပြည်နယ်ရှိ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ် ၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်တို့တွင် ဝင်ရောက် ယဉ်ပြိုင်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ ကယားပြည်နယ်တွင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦးနှင့် နိုင်ငံရေးပါတီ ၁၃ ခုတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly