စီးပွားရေးကျဆင်းနေတဲ့ ယီမင်မှာ သယ်ယူပို့ဆောင်ရေးအတွက် မြည်းတွေကိုအသုံးပြုလာ

By AFP
19 September 2020
စီးပွားရေးကျဆင်းနေတဲ့ ယီမင်မှာ သယ်ယူပို့ဆောင်ရေးအတွက် မြည်းတွေကိုအသုံးပြုလာ
Photo - AFP

စက်တင်ဘာ ၁၉

စစ်ဒဏ်တွေခံနေရပြီး လောင်စာဆီနဲ့ငွေကြေး အကျပ်အတည်းကြုံနေရတဲ့ ယီမင်နိုင်ငံမှာ သယ်ယူပို့ဆောင်ရေးအတွက် မြည်းတွေကို အားကိုးအားထားပြုလာကြပါတယ်။

ငါးနှစ်ကျော်ကြာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့် စီးပွားရေး ချွတ်ခြုံကျကာ ဆီစားတဲ့ကားတွေကို အလှမ်းမမီနိုင်တော့ဘဲ ရေနဲ့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ မြည်းတွေကို အသုံးပြုလာကြပါတယ်။

အေဒင်ဒေသဟာ ခွဲထွက်အဖွဲ့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာတည်ရှိနေတာဖြစ်ပါတယ်။

တောင်ပိုင်းအေဒင်ဆိပ်ကမ်းမြို့က မြည်းအရောင်းအဝယ်လုပ်တဲ့ အာမက်က “မြည်းတစ်ကောင်ကို ရိယယ် ၃၀ ၀၀၀ လောက်ရှိပြီး သူ့ကို ဆွဲတဲ့လှည်းက ရိယယ် ၁၅ ၀၀၀ ကနေ ၂၀ ၀၀၀ လောက်ရှိပါတယ်။ မြည်းကိုကျွေးရတာလည်း ဘာမှသိပ်မကုန်တော့ တစ်နေ့ကို အမြတ် ၇ ၀၀၀ / ၈၀၀၀ လောက်ကျန်ပါတယ်။ ကျွန်တော့်မှာ ကလေးကိုးယောက်ရှိပါတယ်။ တခြားအလုပ်ရှာလည်း မတွေ့ပါဘူး။ မြည်းတွေကြောင့် ဝင်ငွေရနေ တာပါ။ လောင်စာဆီနဲ့ နေထိုင်မှုစရိတ်တွေမြင့်မားလေ မြည်းဝယ်လိုအားလည်း ပိုများလေဖြစ်ပါတယ်။ တစ်ခါတလေ နှစ်ပတ်လောက် လောင်စာဆီပြတ်နေတတ်ပါတယ်။ ဒါကြောင့် လူတွေက မြည်းတွေနဲ့ သယ်ယူပို့ဆောင် ရေးတွေလုပ်ပေးဖို့ ကျွန်တော်တို့ဆီ အကူအညီတောင်းကြပါတယ်” လို့ဆိုပါတယ်။

ယီမင်မှာ အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာခဲ့တာကြောင့် နိုင်ငံ့လူဦးရေ ၂၉ သန်းရဲ့ လေးပုံသုံးပုံလောက်က နိုင်ငံတကာအကူအညီတွေကို အားကိုးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။  

ရေနံထွက်တဲ့ ယီမင်နိုင်ငံမှာ ဓာတ်ဆီတစ်လီတာကို အမေရိကန်ဒေါ်လာ ၀.၅၀ နဲ့ရောင်းနေရပြီး ဆရာ/ဆရာမတွေရဲ့ ဝင်ငွေဟာလည်း တစ်လကို ၂၅ ဒေါ်လာ အောက်သာရှိပါတယ်။  

ယီမင်ငွေကြေးဟာ ဆက်လက်ကျဆင်းနေပြီး မှောင်ခိုဈေးကွက်မှာ တစ်ဒေါ်လာကို ၈၀၀ ရိယယ်ကျော်ရှိပါတယ်။ ဇန်နဝါရီလတုန်းကတော့ တစ်ဒေါ်လာကို ၆၁၀ ရိယယ်ရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly