ပီရူးသမ္မတအား ရာထူးကနုတ်ထွက်ရေးမဲပေးဖို့ ကွန်ဂရက်ပြင်ပမှာ ဆန္ဒပြ

By AFP
19 September 2020
ပီရူးသမ္မတအား ရာထူးကနုတ်ထွက်ရေးမဲပေးဖို့ ကွန်ဂရက်ပြင်ပမှာ ဆန္ဒပြ
Photo - AFP

စက်တင်ဘာ ၁၉

ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာအား စွပ်စွဲပြစ်တင်ရေးနဲ့ပတ်သက်ပြီး ဥပဒေပြုအမတ်များ ငြင်းခုံဆွေးနေစဉ်မှာပဲ ကွန်ဂရက်ပြင်ပမှာ ဆန္ဒပြသူတွေစုဝေးပြီး သမ္မတကို ရာထူးကဖယ်ရှားရေး မဲပေးကြဖို့ တောင်းဆိုခဲ့ကြပါ တယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဗစ်ဇ်ကာရာဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းသူတွေကို လိမ်ညာထွက်ဆိုဖို့ သူ့ရဲ့လက်ထောက်တွေကို လှုံ့ဆော်ခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ကို တရားစွဲ ဆိုမှုတွေလုပ်ဖို့ ကွန်ဂရက်မှာ မဲပေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။  

သောကြာနေ့က ကွန်ဂရက်မှာ သမ္မတအပြစ်ရှိကြောင်း မဲပေးဆုံးဖြတ်မှုမတိုင်ခင် ဆွေးနွေးပွဲစတင်ချိန်မှာ သမ္မတ ဗစ်ဇ်ကာရာက ဆက်လက်ငြင်းဆန်နေခဲ့ပါတယ်။

သမ္မတအပြစ်ရှိကြောင်း စွပ်စွဲတဲ့လုပ်ငန်းစဉ်တစ်လျှောက်မှာ ကွန်ဂရက်လွှတ်တော်ဥက္ကဋ္ဌ မန်နျူရယ် မာရီနိုက ပီရူးနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ဗစ်ကာရာရဲ့နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် အွန်လိုင်းကနေတစ်ဆင့်ကျင်းပတဲ့ စွဲချက်တင်ရေး ဆွေးနွေးပွဲမှာ ဥပေဒပြုအမတ် ၁၃၀ လောက် ပါဝင်ခဲ့ပါတယ်။

သောကြာနေ့နှောင်းပိုင်း မဲပေးဆုံးဖြတ်ချိန်မှာ ကန့်ကွက်သူတွေအနေနဲ့ သမ္မတကို ရာထူးကဖြုတ်ချဖို့ လိုအပ်တဲ့ မဲအရေအတွက် ၈၇ မဲရရှိနိုင်မှာမဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေကဆိုပါတယ်။  

၂၀၁၈ ကစပြီး သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗစ်ဇ်ကာရာဟာ အသံသွင်းတိတ်ခွေပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ကြုံနေရတာဖြစ်ပါတယ်။ အဲဒီအသံသွင်းတိတ်ခွေထဲမှာ ဗစ်ဇ်ကာရာက နာမည်ကြီး အဆိုတော်တစ်ဦးကို အခပေးယဉ်ကျေးမှုဆိုင်ရာအကြံပေးအဖြစ် အငြင်းပွားဖွယ်ငှားရမ်းမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို  ဖုံးကွယ်ထားဖို့ သူ့လက်ထောက်တွေကို ပြောတဲ့အကြောင်းတွေပါရှိတယ်လို့ ဆိုပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly