ရာထူးမှ ထွက်ခွာပြီး ရက်ပိုင်းအတွင်း ရှင်ဇိုအာဘေးက စစ်သူရဲကောင်းဗိမာန်သို့ သွားရောက်

By AFP
19 September 2020
ရာထူးမှ ထွက်ခွာပြီး ရက်ပိုင်းအတွင်း ရှင်ဇိုအာဘေးက စစ်သူရဲကောင်းဗိမာန်သို့ သွားရောက်
Photo - AFP

စက်တင်ဘာ ၁၉

ယခု သီတင်းပတ်က ဂျပန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည့် ရှင်ဇိုအာဘေးသည် အိမ်နီးချင်းနိုင်ငံများက ဂျပန်၏ အတိတ်က စစ်ရေးကျူးကျော်မူသင်္ကေတအဖြစ် ရှုမြင်ထားသော စစ်သူရဲကောင်းဗိမာန်သို့ စနေနေ့က သွားရောက်လည်ပတ်ခဲ့သည်။

အာဘေးအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက အငြင်းပွားဖွယ် ထို ဗိမာန်သို့ သွားရောက်လည်ပတ်ခဲ့ချိန်က စစ်အတွင်း ရန်ဖက်များ ဖြစ်သည့် တရုတ်နှင့် တောင်ကိုရီးယားတို့ အမျက်ဒေါသထွက်ရပြီး ရင်းနှီးသော မဟာမိတ် အမေရိကန်က ရှားရှားပါးပါး သံတမန်ရေးရာ ပြစ်တင်မှု ပြုလုပ်ခဲ့သည်။

တိုကျိုရှိ စစ်သူရဲကောင်းဗိမာန်တွင် အာဘေးက အနက်ရောက်ဝတ်စုံကို ဝတ်ဆင်ထားလျက် သစ်သားတံတားပေါ်တွင် အဖြူရောင်သင်္ကန်းဝတ် ရှင်တိုဘုန်းကြီးတစ်ပါး လိုက်ပါကာ လမ်းလျှောက်နေသည့် ဓာတ်ပုံကို ၎င်းကိုယ်တိုင် တင်ခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့မှာ ကျွန်တော်ဟာ ယာဆူကူနီစစ်သူရဲကောင်းဗိမာန်မှာ အလေးအမြတ်ပြုခဲ့တယ်။ ဝန်ကြီးချုပ်အဖြစ်က ကျွန်တော် နုတ်ထွက်တာကို စစ်အတွင်း ကျဆုံးသူတွေကို သတင်းပေးခဲ့တာ ဖြစ်တယ်။”ဟု အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား အာဘေးက တွစ်တာတွင် ရေးသားသည်။

ဝန်ကြီးချုပ်ဟောင်း အာဘေးသည် အခြားသော ရှေးရိုးစွဲ နိုင်ငံရေးသမားများက စစ်သူရဲကောင်းဗိမာန်သို့ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချရသည့် ဩဂုတ် ၁၅ ရက်တွင် သွားရောက်ဂုဏ်ပြုခြင်းများ ရှိသော်လည်း ၂၀၁၃ နောက်ပိုင်း ယင်း ဂူဗိမာန်သို့ သွားရောက်ဂုဏ်ပြုခြင်းကို ရှောင်ကြဉ်ထားခဲ့ခြင်း ဖြစ်သည်။

ယာဆူကူနီဂူဗိမာန်သည် ၁၉ ရာစုနှောင်းပိုင်းမှစကာ နိုင်ငံ၏ စစ်ပွဲများအတွင်း သေဆုံးခဲ့ရသူ ၂ ဒသမ ၅ သန်းကို ဂုဏ်ပြုထားရှိခြင်း ဖြစ်သည်။

သို့ရာတွင် စစ်ကြီးအပြီး နိုင်ငံတကာစစ်ခုံရုံး၌ စစ်ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရသော စစ်အရာရှိကြီးများနှင့် နိုင်ငံရေးပုဂ္ဂိုလ်များကိုလည်း ဂုဏ်ပြုထားခြင်း ဖြစ်သည်။

အာဘေးသည် ကျန်းမာရေးပြဿနာကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့ပြီး ၎င်း၏ နေရာတွင် ယိုရှီဟီဒီဆူဂါက ဗုဒ္ဓဟူးနေ့၌ ဝန်ကြီးချုပ်အဖြစ် ရာထူးတာဝန် စတင်ယူသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly