ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးသေဆုံး

ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးသေဆုံး

ဘန်ကောက်၊ နိုဝင်ဘာ ၁၃ ။                ။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကျေးရွာစစ်ဆေးရေးဂိတ်တစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၃ တွင် ပြောကြားခဲ့သည်။

ပိုမိုကြီးမားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်မှုများရှိနေသော မွတ်စလင်အများစုနေထိုင်ရာ ပြည်နယ်သုံးခုအနက် တစ်ခုဖြစ်သော ပတ္တာနီ၏ ကောက်ဖိုခရိုင်တွင် နိုဝင်ဘာ၁၂ရက်နေ့ ညနေခင်းနောက်ပိုင်းတွင် ဗုံးကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဗုံးကို သောင်းကျန်းသူများက ထောင်ခဲ့ခြင်းဖြစ်ကြောင်း ပတ္တာနီရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး တာနောင်ဆက်ဝန်ဆူဖာက ပြောသည်။ ဗုံးကွဲမှှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မည်သူကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

"ကျူးလွန်သူတွေဟာ ဗုံးကို ကုလားထိုင်အောက်မှာ ထောင်ထားခဲ့တာပါ"ဟု တာနောင်ဆက်ကပြောသည်။ ၂၀၀၄ခုနှစ်ကတည်းက ယာလာ၊ ပတ္တနီနှင့် နာရာသီဝတ်ပြည်နယ် တို့တွင်   ပျောက်တိပျောက်ကြား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၆,၅၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ ယင်းပြည်နယ်သုံးခုစလုံးမှာ မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုရှိသော နိုင်ငံဖြစ်သည်။ သို့သော်လည်း တောင်ပိုင်းသည် မွတ်စလင်အများစုနေထိုင်ပြီး အစိုးရကို တော်လှန်တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။

တိုက်ခိုက်မှုများမှာ ရံဖန်ရံခါ အိမ်နီးချင်း မလေးရှားမှ ခရီးသည်များ များပြားစွာရောက်ရှိသော အနီးရှိ ဆောင်ခလာပြည်နယ်ထဲသို့ ကူးစက်သည်။ ၎င်းပြည်နယ်များမှာ ၁၉၀၂ခုနှစ်က ထိုင်းက မသိမ်းယူမီအထိ မလေးမွတ်စလင်စူလ်တန်ဘုရင်ပိုင်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။

၂၀၀၄ခုနှစ်က အာဏာသိမ်းပြီးမကြာမီ ထိုင်းစစ်အစိုးရက တောင်ပိုင်းကို တစ်နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly