စက်တင်ဘာ ၁၇
မလေးရှားနိုင်ငံ တီရန်ဂါနူပြည်နယ် ကမ်ပန်ပီနာရစ်ကမ်းခြေအနီးက အသက် ၇၄ နှစ်အရွယ် တန်ကူမိုဟာမက်အလီ မန်ဆာဆိုသူဟာ ကမ်းခြေတွေမှာ သောင်တင်နေတဲ့ ဖန်ပုလင်း ထောင်ပေါင်းများစွာကို ကောက်ယူစု ဆောင်းပြီး ရောင်စုံပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
တန်ကူမိုဟာမက်ဟာ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်း မလေးရှားကမ်းခြေပေါ် ရေစီးနဲ့မျောပါလာတဲ့ ပုလင်းတွေကို လိုက်စုနေတာ ၁၅ နှစ်လောက်ရှိပါပြီ။
စုဆောင်းထားတဲ့အထဲက ပုလင်းပေါင်း ၉ ၀၀၀ ကို အခုအခါ ရိုးရာသစ်သားအိမ်လေးထဲမှာ ပြသထားပြီး ပြတိုက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
“အစတုန်းကတော့ ကမ်းခြေကို သန့်ရှင်းစေချင်လို့ လိုက်ကောက်တာပါ။ ဖန်ကွဲစတွေ လူတွေကို မထိမိစေဖို့နဲ့ ကမ္ဘာကြီးမှာ အမှိုက်တွေ ရှင်းအောင်လို့လုပ်တာပါ။ လူတွေကတော့ ကျွန်တော့်ကို ရူးနေတယ်လို့ ထင်နေကြတယ်။ ကျွန်တော်လုပ်နေတာကို အလ္လာရှင်မြတ်သိပါတယ်။ ကမ္ဘာကြီးကို ချစ်လို့ လုပ်တာပါ” လို့ တန်ကူမိုဟာမက်ဟာ ဆိုပါတယ်။
ကလေးတွေက မီးရှူးမီးပန်းတွေကို ဖန်ပုလင်းတွေထဲ ထည့်ပြီး ဖောက်တာကိုမြင်ပြီးတဲ့နောက် တန်ကူမိုဟာမက်ဟာ လူတွေကို အန္တရာယ်ဖြစ်မှာစိုးလို့ ၂၀၀၅ ခုနှစ်လောက်ကစပြီး ကမ်းခြေက ပုလင်းတွေလိုက်ကောက်ကာ စုဆောင်းခဲ့တာဖြစ်ပါတယ်။ ကလေးတွေကို ပိုက်ဆံပေးပြီး ကောက်ခိုင်းတဲ့အခါမှာတော့ ပုလင်းပေါင်း ၅၀၀ လောက်ရခဲ့ပါတယ်။
အဲဒီနောက် တန်ကူမိုဟာမက်ဟာ ကမ်းခြေတစ်လျှောက် ပုလင်းတွေ လိုက်ကောက်ကာ စုဆောင်းခဲ့ပြီး ပြတိုက်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်မှာ သူ့အကြောင်းကို ဖတ်မိတဲ့သူတွေက အဆိုပါပြတိုက်ကို လာရောက်လည်ပတ်ကြပါတယ်။