စက်တင်ဘာ ၁၇
တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသူတွေရဲ့ ဆွေမျိုးရင်းချာတွေဟာ ရောဂါစတင်ဖြစ်ပွားမှုကို ဖုံးကွယ်ခဲ့တဲ့ ဒေသအစိုးရကို တရားစွဲဆိုနေချင်ကြပေမယ့် သူတို့ရဲ့စွဲဆိုမှုတွေဟာ ငြင်းပယ်ခံခဲ့ရပါတယ်။
ဗိုင်းရပ်စ်သားကောင်ဖြစ်ခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ တရားစွဲဆိုမှုတွေမလုပ်ဖို့ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေကြရပြီး ရှေ့နေတွေလည်း မကူညီကြဖို့ သတိပေးခံထားရပါတယ်။
ဝူဟန်က ပင်စင်စားတစ်ဦးဖြစ်တဲ့ ကျုံဟန်နန်ရဲ့ သားဖြစ်သူနဲ့ ဆွေမျိုးတွေဟာလည်း ဖေဖော်ဝါရီလတုန်းက ကိုရိုနာဗိုင်းရပ်စ်ရဲ့သားကောင်ဖြစ်ခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
ဒါကြောင့် သားတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ကျုံဟာ သတင်းတွေထိန်ချန်တဲ့ ဒေသအစိုးရကို တရားစွဲဆိုချင်နေတာဖြစ်ပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ကျုံက “ ကျွန်မသား အရမ်းကို ခံစားခဲ့ရမှာပဲလို့ အမြဲတွေးမိပါတယ်။ ဗိုင်းရပ်စ်ကြောင့် သူ့အနားကို မိသားစု အဖော်ပြုခွင့်မရခဲ့ဘူး။ ဖေးမမယ့်မိသားစုတွေမရှိတော့ သားလေးအရမ်းကြောက်ပြီး စိတ်ဆင်းရဲနေခဲ့မှာပဲ။ အဖေနဲ့အမေကို တမ်းတနေခဲ့မလား မသိဘူး။ သားလေးကို ဆုံးရှုံးရတာ အရာရာကို ဆုံးရှုံးရသလိုပါပဲ။ မိသားစုအနေနဲ့ ယူကျုံးမရဖြစ်ရပါတယ်။ ဘယ်တော့မှ ပျော်ရွှင်နိုင်မှာ မဟုတ်တော့ပါဘူး” လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့မှာ သေဆုံးသူ ၃ ၉၀၀ နီးပါးရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာတော့ သေဆုံးသူ ၉၀၀ ၀၀၀ ကျော်ပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဝူဟန်တရားရုံးမှာ ဒေသအစိုးရကို တရားစွဲဆိုထားတဲ့အမှု ငါးမှုထက်မနည်းရှိတယ်လို့ သိရပါတယ်။
ဆွေးမျိုးရင်းချာတွေဆုံးရှုံးရမှုအတွက် တရားလိုတစ်ဦးစီတိုင်းက နစ်နာကြေးအဖြစ် လျော်ကြေးငွေ ယွမ် နှစ်သန်း (အမေရိကန်ဒေါ်လာ ၂၉၅ ၀၀၀) နဲ့ လူသိရှင်ကြားတောင်းပန်မှုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် တရားရုံးက အဆိုပါစွပ်စွဲချက်တွေကို သတ်မှတ်ထားခြင်းမရှိတဲ့ ကျင့်ထုံးနည်းလမ်းတွေနဲ့ ပယ်ချခဲ့တယ်လို့ အမေရိကရောက် တရုတ်အရေးတက်ကြွလှုပ်ရှားသူ ယန်ကျန်ချင်း ကပြောပါတယ်။
ယန်ဟာ ကျန်ရစ်သူမိသားစုတွေကို တိတ်တဆိတ်အကြံပေးနေတဲ့ ရှေ့နေ နှစ်ဒါဇင်ကျော်နဲ့ ပူးပေါင်းဆောင်ရွက်နေသူဖြစ်ပါတယ်။
တရားရုံးရဲ့ ပယ်ချမှုတွေဟာ တရားဝင်စာနဲ့မဟုတ်ဘဲ ဖုန်းနဲ့တစ်ဆင့် အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ယန်က ပြောပါတယ်။