ကမ္ဘာ့သက်တမ်းအရင့်ဆုံး သတ္တဝါသုက်ပိုးကို မြန်မာ့ပယင်းထဲတွင် သိပ္ပံပညာရှင်များ တွေ့ရှိ 

ကမ္ဘာ့သက်တမ်းအရင့်ဆုံး သတ္တဝါသုက်ပိုးကို မြန်မာ့ပယင်းထဲတွင် သိပ္ပံပညာရှင်များ တွေ့ရှိ 
Photo - AFP

စက်တင်ဘာ ၁၇ 

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များ အဖွဲ့တစ်ခုသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးဟု ယုံကြည်ရသည့် သတ္တဝါသုက်ပိုးတစ်ခုကို မြန်မာ့ပယင်းတစ်ခုထဲကနေ တွေ့ရှိခဲ့ကြောင်း သိရသည်။  

နှစ်သန်းပေါင်း ၁၀၀ အကြာက မြန်မာ့ပယင်းတစ်ခုထဲတွင် ပိတ်မိနေခဲ့သည့် အခွံမာ ရေနေသတ္တဝါခန္ဓာကိုယ်ထဲကနေ အဆိုပါ သုက်ပိုးကို ပညာရှင်များ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ယခင်က တွေ့ရှိထားခဲ့သည့် သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်း သတ္တဝါသုက်ပိုးများ၏ သက်တမ်းမှာ နှစ်သန်းပေါင်း ၁၇ သန်းမျှသာ ရှိသည်ဟု နန်းကျင်းမြို့ တရုတ်သိပ္ပံအကယ်ဒမီမှ Wang He ဦးဆောင်သော ပညာရှင်အဖွဲ့က ပြောသည်။ 

ယနေ့အချိန် သမုဒ္ဒရာ အများအပြားတွင် တွေ့မြင်နိုင်ပြီး နှစ်သန်းပေါင်း ၅၀၀ ကြာ တည်ရှိခဲ့သည့် ရေနေသတ္တဝါ အမျိုးအစားတစ်ခုဖြစ်သော ostracod အကောင်တစ်ကောင်ထဲတွင် သုက်ပိုးများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က Royal Society’s Proceedings ဂျာနယ်တွင် ဖော်ပြခဲ့သည့် စာတမ်းတစ်စောင်တွင် ၎င်းတို့က ပြောထားသည်။ 

ယင်းတို့ကို သတ္တဝါအမတစ်ကောင်၏ ခန္ဓာကိုယ်ထဲကနေ တွေ့ရှိခဲ့သည့်အတွက် ယင်းသတ္တဝါသည် ပယင်းထဲ မပိတ်မိခင် မိတ်လိုက်မျိုးစပ်ခဲ့သည်ကို ညွန်ပြနေသည်ဟု ပညာရှင်များက ပြောသည်။ 

ယခုတွေ့ရှိချက်က ထူးရှယ်တွေ့ရှိမှုဖြစ်ပြီး သုက်ပိုးများသည် အရွယ်အစား ထူးထူးကဲကဲကြီးမားကာ အဖိုကောင်သတ္တဝါ၏ ခန္ဓာကိုယ်အရွယ်အစားထက် ၄ ဒသမ ၆ ဆ ပိုကြီးသည်ဟု သိရသည်။ 

“ဒါက ၁ ဒသမ ၇၀ မီတာ လူသားတစ်ဦးမှာဆိုရင် ၇ ဒသမ ၃၀ မီတာလောက်နဲ့ ညီမျှပါတယ်၊ ဒီတော့ အဲဒါက သူတို့ကို မွေးဖွားဖို့ စွမ်းအင်အများအပြား လိုပါတယ်” ဟု လေ့လာချက်ကို ပူးတွဲရေးသားသူ Ludwig Maximilian မြူးနစ်တက္ကသိုလ်မှ Renate Matzke-Karasz က ပြောသည်။ 

Ostracod သည် မျိုးစိတ်သစ်တစ်ခုဖြစ်ပြီး ယင်းကို သိပ္ပံပညာရှင်တို့က “Myanmarcypris hui” ဟု အမည်ပေးထားသည်။ 

Ostracods များ၏ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော အခွံများ တွေ့ရှိမှုက ပုံမှန်ဖြစ်သော်လည်း ယခုကဲ့သို့ အင်္ဂါအစိတ်အပိုင်းများ အကောင်းအတိုင်း မပျက်မစီးရှိနေသည့် အမ သတ္တဝါတစ်ကောင်ကို တွေ့ခြင်းက ကြုံတောင့်ကြုံခဲဖြစ်သည်ဟု ပညာရှင်တို့က ပြောသည်။ 

Crateceous ကာလ (လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၅ သန်းမှ ၆၆ သန်းခန့်) အတွင်း ostracods သတ္တဝါများသည် မြန်မာနိုင်ငံ ကမ်းရိုးတန်း ရေပြင်များတွင် နေထိုင်ခဲ့ဖွယ် ရှိပြီး ယင်းနောက် ၎င်းတို့သည် ပယင်းထဲ ပိတ်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ 

ကမ္ဘာသတ္တဝါလောက( လူသားအပါအဝင်) တွင် အဖိုသတ္တဝါအများစုသည် ယေဘုယျအားဖြင့် သေးငယ်သော သုက်ပိုးဆဲလ် သန်းပေါင်းများစွာကို ထုတ်လွှတ်လေ့ ရှိသော်လည်း ostracods တို့ကမူ အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးကြောင်း သိရသည်။ 

ယင်းကဲ့သို့ ကြီးမားသော သုက်ပိုးများ၏ ဆင့်ကဲပြောင်းလဲမှုနှင့်ပတ်သက်၍ ကွဲလွဲနေသည့်သီအိုရီတချို့လည်း ရှိသည်။ 

“ဥပမာအနေနဲ့ လေ့လာစမ်းသပ်ချက်တွေအရ အုပ်စုတစ်စုမှာဆိုရင် အထီးတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းက သုက်ပိုးသက်တမ်းကို ပိုရှည်စေနိုင်သလို အခြားအုပ်စုတစ်ခုမှာဆိုရင်လည်း ပြိုင်ဆိုင်မှု နည်းပါးခြင်းက သုက်ပိုးသက်တမ်းပိုရှည်စေနိုင်တာကို ပြသနေခဲ့ပါတယ်” ဟု Matzke-Karasz က ပြောသည်။ 

ကြီးမားသည့် သုက်ပိုး မျိုးပွားခြင်းက မျိုးသုဉ်းတော့မည့်ဆဲဆဲ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု မဟုတ်သော်လည်း မျိုးစိတ်တစ်ခု ရှင်သန်ရေးအတွက် ကြီးလေးသော ရေရှည် အကျိုးကျေးဇူးတစ်ခုဖြစ်သည်ကို ယခုတွေ့ရှိချက်က ပြသနေသည်ဟု Matzke-Karasz က ကောက်ချက်ချသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly