COVID-19 သံသယလူနာတိုင်း ဆေးရုံတက်ရောက်ရန် မလိုတော့

စက်တင်ဘာ ၁၅ရက်  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် နေရာအခက်အခဲများဖြစ်နေခြင်းကြောင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော Fever Clinics(ဖျားနာကုအခမဲ့ဆေးခန်းများ) သို့ လာရောက်ပြသကြသည့် COVID-19 ရောဂါ သံသယလူနာများအား ဆေးရုံသို့ မတက်ရောက်စေခိုင်းတော့ကြောင်း Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။   

ဒေါက်တာကျော်မင်းထွန်းက “အခုကဆေးရုံမတင်တာက တကယ်တမ်းက အားလုံးတင်သင့်တယ်။ တင်ပြီးတော့မှ လူနာကို ချက်ချင်းကုသမှုပေးရမှာ။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံအနေအထားအရ ဘယ်လိုပြောရမလဲ နဲနဲ ဂျန့်တွေဖြစ်နေတယ်။ ဆေးရုံကလည်း နေရာအခက်အခဲပေါ့။ အများဆုံးတင်လို့ရမှ အယောက် ၂၀၊ ၃၀ အဲ့လောက်ပဲတင်လို့ရမှာ။ အဲ့ဒီဆေးရုံတွေမှာလည်း လူနာလွတ်မှ တင်လို့ရမှာ။ မလွတ်ရင် တင်လို့ မရဘူး။ တင်ပြီးမှ Swap(တို့ဖတ်နမူနာ)ယူလို့ရမှာ။ အဓိကက နေရာအခက်အခဲကြောင့်တင်လို့မရတာ” ဟု ဆိုသည်။  

“ကျွန်တော်တို့က ကျွန်တော်တို့က လူနာခွဲလိုက်တယ်။ အရမ်းအရေးပေါ်ဖြစ်တယ်။ အသက်ကြီးတယ် ရောဂါအခံတစ်ခုရှိတယ်။ ပြီးတော့ နာတာရှည်တစ်ခုခုရှိနေမယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်းဆေးရုံလွှတ်တယ်။ ဆေးရုံမှာတော့ သူတို့အတွက် နေရာ ၃နေရာ ၄ နေရာလောက် ချန်ထားတာရှိပါတယ်။ ပြီးတော့ ရိုးရိုးတန်းတန်း ဖျားတယ် အနံ့မရဘူး။ လူလတ်ပိုင်းလည်းဖြစ်တယ် ဘာရောဂါအခံမှမရှိတဲ့သူတွေဆို သေချာလေးမှာတယ်။ ဘွတ်ကင်လေး ထည့်ပေးထားမယ်။ ဆေးရုံနေရာလွတ်တာပဲဖြစ်ဖြစ် fever clinic swap(တို့ဖတ်နမူနာ) ယူတဲ့နေ့ပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ ယူပေးမယ်။ လောလောဆယ် အိမ်ပြန်နားပေးပါ။ အဲ့လိုတွေ လူနာကို ခွဲပြီး တော့ စီမံနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။  

ယခင်က COVID-19 ရောဂါသံသယရှိပါက ထိုလူနာအား ဆေးရုံသို့ပို့ဆောင်ကာ တို့ဖတ်နမူနာစစ်ဆေးခြင်းများလုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများတွင် နေရာအခက်အခဲများဖြစ်နေပြီး ဆေးရုံများ၏ အလုပ်ဝန်မျာအား လျှော့ချရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး မြို့နယ်အသီးသီးရှိ Fever Clinic (ဖျားကုအခမဲ့ဆေးခန်း)များတွင် စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်းလည်း သိရသည်။  

“Volunteer ကတော့ လောလောဆယ်လိုတာပေါ့နော် fever clinic မှာ ရှိတဲ့လူအင်အားနဲ့ပဲသေချာလေးလုပ်နေရတယ်။ အဓိကက ဆရာဝန်အင်အားလိုတယ်။ သူနာပြု volunteer ပေါ့နော်။ အခုတော့ ကျွန်တော်တို့မှာတော့ volunteer  အရမ်းလိုအပ်နေတယ်” ဟု ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။  

Fever clinic များတွင် COVID-19 သံသယလူနာများ၏ တို့ဖတ်နမူနာများအား ရယူနိုင်ရန် အတွက် တိုင်းကျန်းမာရေးဦးစီးဌာနသို့ တင်ပြထားပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူနိုင်ရေးနှင့်ပတ်သက်၍ အင်းစိန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးပညာဌာနမှပါမောက္ခကြီး ဒေါက်တာဒေါ်မာမာကြည် ဦးဆောင်ကာ ရန်ကုန်တိုင်း ဖျားနာကုအခမဲ့ဆေးခန်းများမှ တာဝန်ခံဆရာဝန်များ နှင့် Volunteers ဆရာဝန်များအား စက်တင်ဘာ ၁၄ ရက်နေ့က သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။  

အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းတွင် COVID-19 သံသယလူနာများ၏ တို့ဖတ်နမူနာရယူခြင်းအား တိုင်းကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စက်တင်ဘာ ၁၁ရက်နေ့က စတင်ကာ လုပ်ဆောင်နေသည်။  

အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းသည် တစ်ပတ်လျှင် လေးရက်သာ ဖွင့်လှစ်ပြီး တို့ဖတ်နမူနာယူခြင်းကို တစ်ပတ်လျှင် နှစ် ရက်သာ လုပ်ဆောင်မှာဖြစ်ကြောင်းသိရသည်။  

စက်တင်ဘာ ၁၁ရက်နေ့က အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းမှ ယူဆောင်သည့် တို့ဖတ်နမူနာ ၂၀ခန့်တွင် ၆ခုမှာ ရောဂါပိုးတွေ့ရှိပြီး စက်တင်ဘာ ၁၄ရက်က ယူဆောင်ထားသည့် တို့ဖတ်နမူနာ ၃၀ကျော်၏ အဖြေအား မသိရှိရသေးကြောင်းနှင့် အခြားမြို့နယ်များရှိ ဖျားနာကုအခမဲ့ဆေးခန်းများတွင်လည်း တို့ဖတ်နမူနာယူခြင်းအား လုပ်ဆောင်နိုင်ရန်အတွက် တိုင်းကျန်းမာရေးဦးစီးဌာနမှ အမြန်ဆုံးခွင့်ပြုစေလိုကြောင်း ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။   

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းကမြို့နယ်တိုင်းတွင်fever clinic များဖွင့်ထားကြသည်။ အစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး အချိန်အားလျော်စွာထုတ်ပြန်ချက်များထုတ်ပြန်ကာ ကုသရေးပိုင်းတွင်ရော ကာကွယ်ရေးပိုင်းတွင်ပါဆောင်ရွက်နေကြသည်ကိုလည်းတွေ့ရသည်။ဒေသတွင်းကူးစက်မှုများလျှင်မြန်နေမှုနှင့်အတူ အတည်ပြုလူနာများမြင့်တက်နေသောကြောင့် ဆေးရုံများနှင့် ကွာရန်တင်း စင်တာများအား အလှူရှင်များ၏အကူအညီဖြင့် တိုးမြှင့်ဆောင်ရွက်လျှက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly