တောမီးလောင်မှုများအတွက် ဖြေရှင်းဆွေးနွေးရန် ကယ်လီဖိုးနီးယားသို့ ထရမ့်ရောက်ရှိ 

By AFP
15 September 2020
တောမီးလောင်မှုများအတွက် ဖြေရှင်းဆွေးနွေးရန် ကယ်လီဖိုးနီးယားသို့ ထရမ့်ရောက်ရှိ 
Photo - AFP

စက်တင်ဘာ ၁၅

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ရာသီဥတုပြောင်းလဲမှုကို ယုံကြည်မှု မရှိတဲ့ သမ္မတ ထရမ့်ကို ရာသီဥတုပြောင်းလဲမှု climate change ဟာ တကယ်ဖြစ်နေတဲ့အကြောင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အတွေ့ အကြုံနဲ့ ယှဉ်ပြီး ပြောလိုက်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆန်က ထရမ့်နဲ့တွေ့ဆုံစဉ်မှာ “ သစ်တောစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့  တရားမျှတစွာမလုပ်ဆောင်ခဲ့ပါဘူး။  ခြောက်သည်ထက်ခြောက် ပူသည်ထက်ပူလာပါ တယ်။ ဒါကို အထင်အရှားတွေ့နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုက တကယ်ဖြစ်လာပြီး အခြေအနေပိုဆိုးလာပါတယ်” လို့ ပြောလိုက်တာပါ။  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ နိုင်ငံအနောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့တောမီးတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းညွှန်ကြားဖို့အတွက် တနင်္လာနေ့က ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။

တောမီးတွေ စတင်လောင်ကျွမ်းကတည်း ပထမဆုံးအကြိမ်အဖြစ် ကယ်လီဖိုးနီးယားကို ထရမ့်ရောက်ရှိလာခဲ့တာဖြစ်ပြီး သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရဖို့အရေး သုံးရက်တာမဲဆွယ်စည်းရုံးရေးကို အလျင်အမြန်ပဲ ရပ်ပစ်ခဲ့ရပါတယ်။  

ကယ်လီဖိုးနီးယားပြည်နယ် စခရာမန်တိုမြို့ မက်ကလဲလန်ပါ့ခ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ထရမ့်က ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နဲ့ ဝါရှင်တန်ပြည်နယ်တွေမှာ တောမီးတွေလောင်ကျွမ်းတာဟာ သစ်တောဧရိယာတွေ လောင်ကျွမ်းမှုနည်းအောင် ကောင်းကောင်းမထိန်းသိမ်းလို့ ဖြစ်တာလို့ ပြောဆိုခဲ့ပါတယ်။  

သစ်ပင်တွေဟာ ၁၈ လ သက်တမ်းလောက်ရှိရင် လဲကျပြီး ခြောက်သွေ့သွားကြောင်းနဲ့ အဲဒီသစ်ပင်အခြောက်တွေက မီးခြစ်ဆံတွေလို လောင်ကျွမ်းမှုတွေဖြစ်တာလို့ ထရမ့်က ဆိုပါတယ်။

ဒီမိုကရက်တစ်သမ္မတတလောင်း ဂျိုးဘိုင်ဒင်ကတော့ ထရမ့်ရဲ့မူဝါဒတွေဟာ သဘာဝဘေးအန္တရာယ်တွေကို ပိုမိုအားကောင်းအောင်လုပ်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ နှစ်စဉ်နှစ်တိုင်း တောမီးလောင်ကျွမ်းမှုကြောင့် အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးနေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လောင်ကျွမ်းတဲ့ တောမီးကြောင့် အကျယ်အဝန်း ဧက ၃သန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် အခုလို သမ္မတ ထရမ့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ အစီအစဉ်ကြားကနေ ကယ်လီဖိုးနီးယားကို ရောက်ရှိခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly