အမေရိကန်တွင် AstraZeneca ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု ဆက်လက် ဆိုင်းငံ့ထား

အမေရိကန်တွင် AstraZeneca ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု ဆက်လက် ဆိုင်းငံ့ထား

စက်တင်ဘာ ၁၅

အမေရိကန်တွင် AstraZeneca ဆေးဝါးထုတ်ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်းနှင့်  ဗြိတိန်၌ ယင်းကာကွယ်ဆေးစမ်းသပ်မှုနှင့်ပတ်သက်၍ ကြီးလေးသည့် ဘေးပန်း ဆိုးကျိုးတစ်ခု ရှိခဲ့ခြင်းအပေါ် အမေရိကန်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှု မတိုင်မီအတောအတွင်း ဆက်လက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်ကျွမ်းဝင်သည့် သတင်းရင်းမြစ်များက ရိုက်တာကို ပြောသည်။

အခြားသော နိုင်ငံတစ်ချို့၌ ယင်းကာကွယ်ဆေး စမ်းသပ်မှုများကို ပြန်လည်စတင်နေပြီဖြစ်သော်ငြား အမေရိကန်တွင်မူ ဆက်ပြီးဆိုင်းငံ့ထားဦးမည်ဖြစ်သည်။

ဗြိတိန်တွင် မကြာသေးခင်က ပါဝင်စမ်းသပ်ခံသူတစ်ဦးတွင် ဖြစ်ပေါ်ခဲ့သည့် ဘေးပန်းဆိုးကျိုးတစ်ခုအပေါ် သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူများက သုံးသပ်မှု ပြီးစီးခဲ့ပြီးနောက် ယင်းနိုင်ငံ၌ စမ်းသပ်မှုကို ပြန်လည်စတင် နေပြီဟု AstraZeneca က စနေနေ့က ပြောသည်။

အမေရိကန်တွင်မူ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ FDA နှင့် ဘေးကင်းလုံခြုံရေးအဖွဲ့တို့က ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှု မပြီးခင်အထိ ကာကွယ်ဆေး စမ်းသပ်မှုကို ဆိုင်းငံ့ထားမည်ဖြစ်သည်။

Oxford တက္ကသိုလ်မှ သုတေသီများနှင့် အတူပူးပေါင်းလုပ်ဆောင်နေသည့် AstraZeneca ၏ ကမ္ဘာတဝန်း ကာကွယ်ဆေး စမ်းသပ်မှုများအတွက် စာရင်းသွင်းမှုများကို စက်တင်ဘာ ၆ ရက်တွင် ရပ်ဆိုင်းထားခဲ့သည်။

အခရာကျသည့် အမေရိကန်ရှိ စမ်းသပ်မှုအတွက် လူနာသစ်များ စာရင်းသွင်းမှုနှင့် အခြားစမ်းသပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို အနည်းဆုံး ရက်သတ္တပတ်အလယ်အထိ အစီအစဉ် ပြန်ရေးဆွဲခဲ့သလို FDA အနေဖြင့်လည်း ယင်းအပေါ် စုံစမ်းစစ်ဆေးမှု ပြီးစီးရန် အချိန်မည်မျှ ကြာမည်ဆိုသည်မှာလည်း မရှင်းလင်းပေ။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်ရေး ကူညီနိုင်မည့် ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာတဝန်းရှိ အစိုးရများက အသည်းအသန် အလိုရှိလျက် ရှိသည်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၉၀၀,၀၀၀ ကျော် ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးရာပိုင်းတွင်လည်း ဝရုန်းသုန်းကားအခြေအနေများကို ဖြစ်ပေါ်ထားစေခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ AstraZeneca ၏ ကာကွယ်ဆေးကို အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ထားသည်။ ယခုကဲ့သို့ အမေရိကန်တွင် စမ်းသပ်မှု ဆက်လက်နှောင့်နှေးနေခြင်းက ယင်းနိုင်ငံတွင် ကာကွယ်ဆေး ရရှိမှုပိုင်းကို နှေးကွေးသွားစေနိုင်သည်။

အမေရိကန်တွင် ကာကွယ်ဆေးစမ်းသပ်မှု မည်သည့်အချိန်တွင် ပြန်စတင်မည် ဆိုသည်ကို AstraZeneca ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် FDA အပါအဝင် ကမ္ဘာတဝန်းရှိ ကျန်းမာရေးအာဏာပိုင်များနှင့်အတူ ဆက်လက်လက်တွဲလုပ်ကိုင်မည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

တောင်အာဖရိကနှင့် အိန္ဒိယရှိ စမ်းသပ်မှုများ၏ အခြေအနေကိုလည်း မသိရသေးပေ။ သို့သော် ဘရာဇီးတွင် စမ်းသပ်မှုမှာမူ ပြန်လည်စတင်ထားပြီးဖြစ်သည်။  လက်ရှိအချိန်တွင် ဗြိတိန် ပြင်ပ ကမ္ဘာ့ကျန်ဒေသများတွင် စမ်းသပ်မှု ပြန်စမည့်အချိန်နှင့်ပတ်သက်၍ ကုမ္ပဏီက မှတ်ချက်ပေးခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly