တရုတ်အနီးတစ်ဝိုက် ဒီမိုကရေစီစက်ဝန်းဖြစ်လာသည့် Quad မဟာမိတ်အဖွဲ့

By Asia Times
15 September 2020
တရုတ်အနီးတစ်ဝိုက် ဒီမိုကရေစီစက်ဝန်းဖြစ်လာသည့် Quad မဟာမိတ်အဖွဲ့

စက်တင်ဘာ ၁၅  

တောင်တရုတ်ပင်လယ်၌ တရုတ်၏မဟာဗျူဟာမြောက်အခွင့်အလမ်းရှာသောအချောင်သမားဝါဒသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ပျက်ရုံသာမက စိတ်သဘောထားချင်းတူညီသော အင်ဒို - ပစိဖိတ် အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ပါဝင်သော ‘Quad’ ခေါ် တရုတ်ဆန့်ကျင်ရေးမဟာမိတ်ဖွဲ့စည်းမှုကိုလည်း အရှိန်မြင့်စေလျက်ရှိသည်။   

ဇူလိုင်လက အမေရိကန်သည် ပစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့တွင် ဒီမိုကရေစီမဟာမိတ်နှင့်မိတ်ဖက်များဖြစ်ကြသော သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယတို့နှင့်အတူ တစ်ပြိုင်နက်တည်း ရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါလေးနိုင်ငံသည်  အာဏာရှင်တရုတ်နိုင်ငံပတ်ဝန်းကျင်တွင် ‘အာရှ ဒီမိုကရေစီစက်ဝန်း’ ထူထောင်ရေးမျှော်မှန်းသည့် အယူအဆဖြစ်သော အမြဲတမ်းမဟုတ်သည့် လေးနိုင်ငံ ကာကွယ်ရေးအစီအစဉ်ကို ဖွဲ့စည်းထား ခြင်းဖြစ်သည်။    

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အငြင်းပွားနေသောရေပိုင်နက်တွင် အရှေ့တောင်အာရှနိုင်ငံများ၏တောင်းဆိုမှုများကို ထောက်ခံလျက် တရုတ်၏အလှမ်းကျယ်သောတောင်းဆိုမှုများကို တရားမဝင်ဟု ကြေ  ညာခဲ့ကာ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ အမေရိကန်၏ မူဝါဒထုတ်ပြန်ပြီးနောက် ထိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။   

ယခုအခါ အမေရိကန်သည် အိန္ဒိယအား Quad အဖွဲ့၏ အမာခံကျောရိုးတိုင်အဖြစ် မျက်နှာချိုသွေးလျက်ရှိသည်။ ပထမဆုံးအနေဖြင့် အိန္ဒိယသည် အမေရိကန်က လက်ခံကျင်းပသော G7 ထိပ်သီးအစည်းအဝေး သို့တက် ရောက်ရန်ဖိတ်ကြားခံခဲ့ရပြီး ထိုအစည်းအဝေးသည် သမိုင်းအစဉ်အလာအရ ဂျပန်နှင့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များ စုဝေးကြခြင်းဖြစ်သည်။ အမေရိကန်သမ္မတ Donald Trump က တရုတ်ကို တန်ပြန်ဆန့်ကျင် သည့်လှုပ်ရှားမှုတစ်ခုအဖြစ် ရုရှား၊ တောင်ကိုရီးယားနှင့်သြစတြေးလျနိုင်ငံများအပါအဝင် ၁၁ နိုင်ငံပါဝင်သည့် ထိပ်သီးအစည်းအဝေးကို ကျင်းပရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။   

အမေရိကန်နှင့်အိန္ဒိယ၏ နွေးထွေးလာသော မဟာဗျူဟာမြောက်ဆက်ဆံမှုများသည် ဟိမဝန္တာနယ်စပ်တွင် တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များ၏ မကြာသေးမီကဖြစ်ပွားခဲ့သောရန်ပွဲများနှင့် တိုက်ဆိုင်နေသည်။

ဇွန်လကဖြစ်ပွားခဲ့သော အဆိုပါခိုက်ရန်ဖြစ်ပွဲ၌ အိန္ဒိယတပ်သား ၂၀ ဦး သေဆုံးခဲ့သည်။ အမေရိကန်နှင့်အိန္ဒိယသည် အိန္ဒိယနှင့်ပစိဖိတ်သမုဒ္ဒရာတစ်လွှားတွင် စာချုပ်မဟာမိတ်များဖြစ်သော ဂျပန်၊ သြစတြေးလျတို့နှင့် မကြာခဏဆိုသလို ပထဝီအနေအထားအရ ကျယ်ပြန့်သောပူးတွဲရေတပ်လှုပ်ရှားမှုများ တိုးချဲ့လာခြင်းနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။  

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအဖြစ် သြစတြေးလျသည် တရုတ်နိုင်ငံ၏ပြိုင်ဘက်များအကြား နက်ရှိုင်းသောစစ်ရေးပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးနိမိတ်လက္ခဏာအနေဖြင့် အမေရိကန်၊ဂျပန်တို့နှင့်အတူ အိန္ဒိယ၏ နှစ်စဉ်ပြုလုပ်နေကျ Malabar ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြန်လည်လုပ်ဆောင်ရန်ဖြစ်လာခဲ့သည်။   

အင်ဒို - ပစိဖိတ်ဒေသတွင် ‘ဒီမိုကရေစီလုံခြုံရေး စိန်မဟာဗျူဟာ’ ကိုတောင်းဆိုခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စိတ်တူသဘောတူ အင်အားကြီး မဟာမိတ်အဖွဲ့သစ်၏ အဓိက ဗိသုကာများအနက် တစ်ယောက် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းမှစ၍ အာဘေးသည် အိန္ဒိယနှင့် အမေရိကန်- ဂျပန် - သြစတြေးလျသုံးနိုင်ငံအကြား ပိုမိုကြီးမားသော မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအတွက် တက်ကြွစွာ တွန်းအားပေး ခဲ့သည်။  

၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုအဖြစ် အဆိုပြုခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးမှုသည် နှစ်ပေါင်းများစွ အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ တရုတ်နှင့် တည်ငြိမ်သောဆက်ဆံမှုများ နှင့်အရေးပါသော ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းရန်ရည်ရွယ်လျက် အိန္ဒိယနှင့် သြစတြေးလျတို့သည် ယခုအချိန်အထိ တရုတ်ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့တွင်ပါဝင်ရန် တွန့်ဆုတ်နေခဲ့သည်။  

အလားတူပင် အမေရိကန်အစိုးရအစဉ်အဆက်သည် အရှေ့အလယ်ပိုင်းနှင့်အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက်ခဲ့ကြသလို ဘားရက်အိုဘားမားအစိုးရသည် အာရှကို အလေးပေးသော မူဝါဒ များကို ဆွေးနွေးခဲ့သော်လည်း တရုတ်နှင့်ထိတွေ့ဆက်ဆံမှုမဟာဗျူဟာကို အဓိကထားဆောင်ရွက်နေခဲ့သည်။  

သို့သော် အိန္ဒိယ၊ သြစတြေးလျနှင့်အမေရိကန်တို့တွင် ရှေးရိုးစွဲခေါင်းဆောင်များ ပေါ်ထွက်လာပြီး မကြာသေးမီလများအတွင်း တရုတ်နှင့် ပထဝီနိုင်ငံရေးတင်းမာမှုများနက်ရှိုင်းလာခြင်းနှင့်အတူ Quad မဟာမိတ်အဖွဲ့အတွက် သစ်လွင်ပြီး အခရာကျဖွယ်ရှိသော မဟာဗျူဟာမြောက်ဘဝ ရရှိစေခဲ့သည်။   

ပို၍သတိရှိသော ယခင်အစိုးရများနှင့်မတူဘဲ ထရမ့်လက်ထက်တွင် Quad မဟာမိတ်အဖွဲ့အား တရုတ်ကိုဆန့်ကျင်သော မြေကတုတ်အဖြစ် အပြည့်အဝ လက်ခံယုံကြည်ခဲ့သည်။ မကြာသေးမီက အမေရိကန်သည် ဒီမိုကရေစီ  နှင့် အာဏာရှင်အသိုင်းအဝိုင်းတို့ကို ပြိုကွဲစေသော စစ်အေးခေတ်သစ်အယူအဆကို ပြောဆိုခဲ့သည်။   

ဇူလိုင် ၂၄ ရက် အမေရိကန်-အိန္ဒိယစီးပွားရေးကောင်စီ၏ အိန္ဒိယအကြံဉာဏ်များထိပ်သီးဆွေးနွေးပွဲတွင် ပွန်ပီယိုက လေးနိုင်ငံမဟာမိတ်အဖွဲ့သည် ပြန်လည်ရှင်သန်လာပြီး အမေရိကန်သည် အိန္ဒိယနှင့် ပိုမိုသွက်လက်လှုပ်ရှား လာသော ဆက်ဆံရေး၌ ရည်မှန်းချက်ခေတ်သစ်တစ်ခုကို လိုလားကြောင်း ကြေညာခဲ့သည်။   

“ကျွန်တော်တို့ဟာ နှစ်နိုင်ငံနဲ့သက်ဆိုင်တဲ့ အခြေခံအချက်တွေပေါ်မှာပဲ အပြန်အလှန်ဆောင်ရွက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံကြီးတွေ၊ ကမ္ဘာ့အင်အားကြီးသူတွေနဲ့ အစစ်အမှန်မိတ်ဆွေ၊ နိုင်ငံတွေအဖြစ် အချင်းချင်း မြင်မိကြပါတယ်။ နယ်မြေချဲ့ထွင်တဲ့ကိစ္စရပ်တွေမှာ အကြံပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ပုံမှန် တောင်းဆိုရတဲ့ ယုံကြည်ရပြီး စိတ်တူကိုယ်တူရှိတဲ့ အနည်းငယ်သောနိုင်ငံတွေထဲမှာ အိန္ဒိယလည်း အပါ အဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ ပိုမိုခိုင်မြဲလာတယ်ဆိုတာ ယုံကြည်ပါတယ်။ အရင်ကထက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တီထွင်ဆန်းသစ်တဲ့ လက်ရှိ စိန်ခေါ်မှုအခြေအနေက စတင်လုပ်ဆောင်ကြပါစို့။ ကမ္ဘာ့ အကြီး  မားဆုံး ဒီမိုကရေစီနှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ပိုလေးနက်အောင် ဒီအချိန်အခါလေးကို လက်မလွတ်တမ်း အသုံးချကြပါစို့” ဟု အွန်လိုင်းအစည်းအဝေးတွင် ပွန်ပီယိုက ပြောခဲ့သည်။   

ဟိမဝန္တာတောင်ကြား လူသေဆုံးစေခဲ့သော ခိုက်ရန်ဖြစ်ပွားမှုပြီးနောက် အိန္ဒိယတွင် တရုတ်ဆန့်ကျင်သောစိတ်ဓာတ်များကြီးထွားလာမှုအပေါ် အခွင့်ကောင်းယူလျက် ပွန်ပီယိုက ပေကျင်းနှင့် စီးပွားရေးလက်တွဲဖြုတ်ပြီး အာခံသော မဟာမိတ်အဖွဲ့ တစ်ဖွဲ့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။  

နယ်စပ်ပြဿနာများဖြစ်ပွားစဉ်အတွင်း အိန္ဒိယက တရုတ်အက်ပလီကေးရှင်း ၅၉ ခုကို တားမြစ်လိုက်ခြင်းအပေါ် ချီးကျူးပြောဆိုလျက် ပွန်ပီယိုက “အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီကပြလိုက်တဲ့ စိန်ခေါ်မှုအတိုင်းအတာ အစစ်အမှန်ကို အရင်ကထက် ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့လို ဒီမိုကရေစီနိုင်ငံတွေ အတူတကွ လုပ်ဆောင်ကြဖို့ အရေးကြီးပါပြီ” ဟု ပြောသည်။   

တရုတ်အပေါ် စီးပွားရေးနှင့်နည်းပညာအရမှီခိုအားထားရမှုကိုလျှော့ချရန် ထရမ့်အစိုးရ၏ မဟာမိတ်များအား အားပေးမှုနှင့်အညီ ပွန်ပီယိုက “ကျွန်တော်တို့ အမှားလုပ်မိခဲ့ရင် ကျွန်တော်တို့ရဲ့ အခြေခံအဆောက် အအုံစီမံကိန်း တွေ၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွေ၊ အချုပ်အခြာအာဏာတွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးတွေမှာ အန္တရာယ်ရှိပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။   

တရုတ်နှင့်စပ်လျဉ်းသည့် အဓိကမိန့်ခွန်းပြောစဉ်အတောအတွင်း နောက်တစ်ရက်၌ ပွန်ပီယိုက တရုတ်နှင့် ရာစုနှစ်ဝက်ခန့်ကြာခဲ့သော မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုကို အဆုံးသတ်ကြောင်း ထိရောက်စွာ ကြေညာ  ခဲ့သည်။  

ပွန်ပီယို၏ တရုတ်ကိုဆန့်ကျင်သော ရန်အစဆုံးအသုံးအနှုန်းမှာ တရုတ်ကွန်မြူနစ်ပါတီ၏ တရားဝင်မှုကို မေးမြန်းခြင်းဖြစ်ပြီး “အမြဲလိုလို အလိမ်အညာတွေပါပဲ။ သူတို့ပြောတဲ့ အကြီးမားဆုံးလိမ်လည်မှုကတော့ သူတို့ဟာ စောင့်ကြည့်ခံ၊ ဖိနှိပ်ခံနဲ့ မပြောမဆိုဝံ့ဖြစ်နေတဲ့ ပြည်သူ ၁.၄ ဘီလီယံဘက်က ရပ်တည်တာကို ယုံကြည်ကြဖို့ ဆိုတာပါပဲ” ဟု ပြောသည်။   

အမေရိကန်ရေတပ်သည် မဟာမိတ်ဖွဲ့မှုတွင် အခရာဖြစ်ခြင်းနှင့်အတူ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာနှင့်ရေကြောင်းဆိုင်ရာရည်မှန်းချက်များကို ဝန်းရံရန်နှင့်ထိန်းသိမ်းရန် လေးနိုင်ငံမဟာမိတ်အဖွဲ့ Quad ကို တည်ဆောက် ထားသည်။ အမေရိကန် အင်ဒို-ပစိဖိတ်ဌာနချုပ်သည် တရုတ်တို့ ရေကြောင်းအာဏာထိန်းချုပ်ရန်ကြိုးပမ်းနေသည့် သမုဒ္ဒရာနှစ်ခု၌ တစ်ပြိုင်နက်တည်း စစ်ရေးလေ့ကျင့်မှုများကို ကြီးကြပ်ခဲ့ချိန်တွင် ပေကျင်း၏သံသယများ ပိုမိုခိုင်မာလာခဲ့သည်။   

တောင်တရုတ်ပင်လယ်၌ ဇူလိုင်လအတွင်း နှစ်ကြိမ်တပ်ဖြန့်ခဲ့သည့် လေယာဉ်တင်သင်္ဘော USS Nimitz သည် အိန္ဒိယသမုဒ္ဒရာ၌ အိန္ဒိယရေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ရာတွင် လေယာဉ်တင်သင်္ဘော USS Ronald Reagan ကလည်း ပူးတွဲလုပ်ဆောင်ခဲ့သည်။   

“အမေရိကန်နဲ့ အိန္ဒိယရေတပ်တွေဟာ အတူစစ်ရေးလေ့ကျင့်ရင်း လေကြောင်း ကာကွယ်ရေးအပါအဝင် လေ့ကျင့်ရေးနဲ့ လက်ရုံးတပ်ဖွဲ့အချင်းချင်း အပြန်အလှန်အကူအညီပေးနိုင်မှုကိုမြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ အဆင့်မြင့် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်” ဟု Nimitz တိုက်ခိုက်ရေးအဖွဲ့၏ ရေတပ်ဗိုလ်ချုပ် Jim Kirk က ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး ဇူလိုင် ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောသည်။   

ထူးခြားသည့်အချက်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများသည် တောင်တရုတ်ပင်လယ်နှင့်အိန္ဒိယသမုဒ္ဒရာကို ပိုင်းခြားထားသော မလက္ကာရေလက်ကြားမြောက်အစွန်းဖျား၌တည်ရှိသော အိန္ဒိယ၏ ကပ္ပလီပင်လယ်နှင့် နီကို ဘာကျွန်းစုတစ်ဝိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံစွမ်းအင်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် ထိုကျဉ်းမြောင်းသော ရေလက်ကြားမှ ဖြတ်သန်းနေခြင်းဖြစ်သည်။  

ပဋိပက္ခအခြေအနေတစ်ခုတွင် အမေရိကန်သည် အဆိုပါရေလက်ကြားကို ပိတ်ဆို့ရန် လှုပ်ရှားနိုင်ဖွယ်ရှိသည်ဟု မဟာဗျူဟာလေ့လာသုံးသပ်သူများက ဆိုသည်။ ထိုအခြေအနေသည် တရုတ်၏ မလက္ကာအကျပ်အတည်းအဖြစ် မကြာခဏညွှန်းဆိုသော ခက်ခဲသောမဟာဗျူဟာ ဖြစ်ရပ်မှန်ပင်ဖြစ်သည်။   

ပေကျင်းသည် ပါကစ္စတန်နှင့်မြန်မာမှတစ်ဆင့် မြေပြင်အခြေခံတင်ပို့မှုများ ပိုမိုခွင့်ပြုပေးမည့် ဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) အပါအဝင် ၎င်းတို့၏စွမ်းအင်တင်ပို့မှု လမ်း ကြောင်းများကို တစ်ခုမက ဖြန့်ကြက်ရန် ကြိုးပမ်းအားထုတ်ပြီးဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ မလက္ကာအန္တရာယ်ကို မည်မည်ရရ လျော့နည်းစေရန်အလို့ငှာ မည်သည့်နိုင်ငံတွင်မှ အခြေခံအဆောက်အအုံ အဆင်သင့် မရှိသေးပါ။   

ဇူလိုင်နှောင်းပိုင်းက လေယာဉ်တင်သင်္ဘော USS Ronald Reagan တိုက်ခိုက်ရေးအဖွဲ့သည် အနောက်ပစိဖိတ်ရှိ ဖိလစ်ပိုင်ပင်လယ်တွင် ဂျပန်နှင့်ဩစတြေးလျရေတပ်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့သည်။   

လေးနိုင်ငံမဟာမိတ်အဖွဲ့၏ အပြည့်အဝ စစ်ရေးလေ့ကျင့်မှုသည် များမကြာမီပေါ်ပေါက်လာမည်ဖြစ်သည်။ တရုတ်နှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာတွန့်ဆုတ်နေခဲ့သော တရုတ်သည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ယခုနှစ် Malabar စစ်ရေးလေ့ကျင့်မှုတွင် ဩစတြေးလျကို ဖိတ်ခေါ်ခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်တွင်လည်း ပြုလုပ်မည်ဖြစ်သည်။   

တရုတ်သည် ဩစတြေးလျရှိ အစိုးရအဖွဲ့များကို ယခင်က ပူးပေါင်းမှုများတွင် မပါဝင်ရန် ဖျောင်းဖျနိုင်ခဲ့သည်။ သို့သော် ယခုအချိန်၌ ဩစတြေးလျက အစဉ်အလာအားဖြင့် ၎င်းတို့ဩဇာလွှမ်းမိုးမှုရှိသည့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတွင် တရုတ်၏  ကြီးထွားလာသောရေတပ်စွမ်းရည်နှင့်တပ်ဖြန့်မှု၏ ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့်  အဓိကကျသော ကာကွယ်ရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုတစ်ခုကို ကြေညာခဲ့သည်။   

တရုတ်၏ တောင်တရုတ်ပင်လယ်ဆိုင်ရာ တောင်းဆိုချက်များသည် တရားမဝင်ကြောင်း အမေရိကန်ကကြေညာရာတွင် ဩစတြေးလျကလည်း သံယောင်လိုက်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly