ရှီးဟိုက်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကရာချိမြို့မှာ ဒုတိယမြောက်နေ့အဖြစ် ချီတက်ဆန္ဒပြ

By AFP
14 September 2020
ရှီးဟိုက်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကရာချိမြို့မှာ ဒုတိယမြောက်နေ့အဖြစ် ချီတက်ဆန္ဒပြ

စက်တင်ဘာ ၁၄

ဆွန်နီ အစွန်းရောက်ဝါဒီတွေနဲ့ အချိတ်အဆက်ရှိတဲ့ ဆန္ဒပြသူတွေအပါအဝင် ရှီးဟိုက် ဆန့်ကျင်ရေး ဆန္ဒပြသူ သောင်းချီဟာ စက်တင်ဘာ ၁၂ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ စုဝေးချီတက်ခဲ့ကြပါတယ်။

ဒါဟာ ဒုတိယမြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့တာဖြစ်ပြီး ယင်းကနေတဆင့် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

များပြားလှတဲ့ ဆန္ဒပြအမျိုးသား လူအုပ်စုကြီးဟာ နိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အချာ ကရာချိမြို့လယ်မှာ စုဝေးခဲ့ကြပြီး ၎င်းတို့အနက် အများအပြားကတော့ ဆွန်နီ လိုလားတဲ့ အလံတွေကို ဝှေ့ယမ်း ကိုင်ဆောင်ထား ခဲ့ကြပါတယ်။

ဒီ စုဝေးပွဲတွေမတိုင်ခင်တုန်းက ဆွန်နီ အများစု ရှိရာ ပါကစ္စတန်မှာ ဘုရားသခင်နဲ့ မြင့်မြတ်တဲ့အရာတွေကို စော်ကားမှု စွပ်စွဲချက်တွေနဲ့ ရှီးဟိုက်ခေါင်းဆောင်တွေအပေါ် စွပ်စွဲထားခဲ့တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Ashura စီတန်းလှည့်လည်ပွဲတစ်ခုမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပါဝင်သူတွေက သမိုင်းဝင် အစ္စလမ္မစ် ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ စော်ကားပြောဆိုမှုတွေ လုပ်ခဲ့ဖွယ် ရှိတဲ့ ပုံရိပ်တွေကို ရုပ်သံထုတ်လွှင့်မှု တစ်ခုမှာ ပြသထားခဲ့ပါတယ်။

စနေနေ့ လူအုပ်စုဟာ ခန့်မှန်းခြေအားဖြင့်တော့ ၃၀,၀၀၀ ကျော်လောက် ရှိမယ်လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးကခန့်မှန်းပါတယ်။

ရုန်းရင့်ဆန်ခတ် အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားမှု သတင်းတွေတော့ ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။

ဒီ စုဝေးပွဲကိုတော့ ဆွန်နီ အဖွဲ့အစည်း ဂျမက် အယ်လီ ဆွန်နက် နဲ့ အစ္စလမ္မစ်ပါတီ Tehreek-e-Labbaik Pakistan (TLP) တို့က စီစဉ်တာဖြစ်ပါတယ်။

“ခင်ဗျားတို့အနေနဲ့ ဆွန်နီရဲ့ ဘာသာရေး ရပ်တည်ချက်တွေကို ကစားမယ်ဆိုရင်တော့ ကျွန်တော်တိ့ု သည်းခံသွားမှာမဟုတ်ပါဘူး” လို့ ကရာချိ TLP ရဲ့ အကြီးအကဲ အလာမာ အဘစ် မူဘာရာက ပြောပါတယ်။

ဒါပေမယ့်လည်း ဒီ စုဝေးပွဲရဲ့ အဓိက ပြောဟောသူ မာဖ်တီ မူနိဘ် အာ ရာမန် ကတော့ ဒီ စုဝေးပွဲဟာ ငြိမ်းချမ်းရေးကို အားပေးဖို့ပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက ဘယ်ဂိုဏ်းဂဏအုပ်စုတွေကိုမှ ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက ကျွန်တော်တို့ အထွတ်အမြတ်ထားတဲ့ ပုဂ္ဂိုလ်တွေအပေါ် မလေးမစားလုပ်သူတွေကို ဆန့်ကျင်တာဖြစ်ပါ တယ်” လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly