ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် စိတ်ပူပန်နေချိန်တွင် ထရန့် လူထုစည်းဝေး ပွဲပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် စိတ်ပူပန်နေချိန်တွင် ထရန့် လူထုစည်းဝေး ပွဲပြုလုပ်

စက်တင်ဘာ ၁၄

တနင်္ဂနွေနေ့ကသမ္မတဒေါ်နယ်ထရန့်သည် နီဗားဒါးရှိမိုးလုံလေလုံကုန်လှောင်ရုံကြီးတစ်ခုတွင် လူထု စည်းဝေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေချိန်တွင် လူအများအပြားလာရောက်မည့် လူထုစည်းဝေးပွဲ ကို မပြုလုပ်ရန် ပြည်သူ့ကျန်းမာရေး ဆိုင်ရာကျွမ်း ကျင်သူများမှသတိပေးပြောကြား ခဲ့သော်လည်း လိုက်နာခြင်းမပြုခဲ့ပေ။

ရီပတ်ဘလီကန်ပါတီမှ ထရန့်သည် ၎င်း၏ပြိုင်ဘက်ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် အားမူးယစ်ဆေးဝါးသုံးစွဲသူ၊ ရာဇဝတ်မှုများကိုင်တွယ်ရာတွင်ပျော့ညံ့သူဟု ရည်ညွှန်း ပြောဆိုကြိမ်းမောင်း ခဲ့သည်။

“ဘိုင်ဒင် သည်ပြည်တွင်းရှိအကြမ်းဖက်သမားများကို နှစ်သိမ့်ပေးပြီးမိမိ၏အစီအစဉ်မှာမူ ၎င်းတို့ကို ဖမ်းဆီးရန်ဖြစ်ကြောင်း၊အကယ်၍ဘိုင်ဒင်သာရွေးကောက်ခံရပါက အကြမ်းဖက်သမားများအနိုင်ရ သကဲ့သို့ဖြစ်လာမည်” ဟု ထရန့်ကပြောကြားခဲ့သည်။

လူထုစည်းဝေးပွဲသို့လာရောက်ကြသူလူအုပ်ကြီးသည်နီးကပ်စွာထိုင်ကြပြီး အများစုမှာမျက်နှာအကာများ တပ်ဆင်လာခြင်းမရှိပေ။

အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်လူပေါင်း ၁၉၄ ၀၀၀ ကျော်သေဆုံး နေချိန်တွင် လူအများကိုဗိုင်းရပ်စ်ကူးစက်စေသည့် လူထုစည်းဝေးပွဲပြုလုပ်သည့်အတွက် ထရန့်ကို ဘိုင်ဒင် ကဝေဖန်ပြောကြား ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခါစအချိန်က ထရန့်သည်ကူးစက်မှုကိုလျှော့ချနိုင်ခဲ့သော်လည်းယခုအခါကူးစက်မှု မပြန့်နှံ့စေရန်မျက်နှာအကာများဝတ်ဆင်ရန်နှင့် တစ်ဦးနှင့်တစ်ဦးခွာနေရန်ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ၏အကြံပေးချက်ကိုအလေးမထားဘဲ လျစ်လျူရှုလျက်ရှိသည်။

သမ္မတ၏လူထုအစည်းအဝေးကို ဟင်ဒါဆင်ရှိကြီးမားသောကုန်လှောင်ရုံကြီးတွင်ပြုလုပ်ခဲ့သည်။ အဆိုပါ ကုန်လှောင်ရုံသည်အမေရိကန်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပထမအကြိမ်ပြင်ဆင်ရန်စည်းဝေးခဲ့သည့်     နေရာဖြစ်သည်။

အစည်းအဝေးသို့တက်ရောက်လာသူများကို အတွင်းသို့မဝင်ရောက်မီ အပူချိန်တိုင်းခြင်း၊မျက်နှာအကာ များဝေပေးခြင်းတို့ကိုပြုလုပ်ခဲ့သည်ဟုအစည်းအဝေးစီစဉ်သူများကပြောကြားခဲ့သည်။

“ဤနေရာသည်မိမိတို့အတွက်လုံခြုံသည်ဟုထင်ကြောင်း၊ မျက်နှာအကာယူ လာခဲ့သော်လည်း တပ်ဆင် ရန်မလိုဟုယူဆကြောင်း၊ မိမိအနေဖြင့်စိုးရိမ်မှုမရှိပါ”ဟု ရွန်ဒါလစ်ဗင်းစတန် (၆၄ နှစ်)ကပြောကြားခဲ့ သည်။

ထရန့်သည်ယခုရက်သတ္တပတ်များအတွင်း လူထုစည်းဝေးပွဲအများအပြားကို လုပ်ဆောင်ခဲ့သော်လည်း အများစုမှာပြင်ပတွင်(သို့မဟုတ်) ကြီးမားသောလေယာဉ်ရုံကြီးများတွင်သာပြုလုပ်ခဲ့သည်။

ဘိုင်ဒင်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ် ထရန့်၏တုန့်ပြန်ဆောင်ရွက်မှုကိုပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပြီးမိမိအနိုင်ရရှိပါကကူးစက်ရောဂါတိုက်ဖျက်မှုနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့်မဟာဗျူဟာ နှင့်ဆောင်ရွက်သွားမည်ဟုကတိပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly