တရုတ် ဖမ်းဆီးထားသည့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူများ ပြန်လွတ်ရေး မိသားစုဝင်များ တောင်းဆို

By CNA
13 September 2020
တရုတ် ဖမ်းဆီးထားသည့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူများ ပြန်လွတ်ရေး မိသားစုဝင်များ တောင်းဆို

စက်တင်ဘာ ၁၃

ပြီးခဲ့သည့်လက တရုတ်ပြည်မကြီးမှ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး နေရပ်ပြန်လာနိုင်ရေးအတွက် အဆိုပါ တက်ကြွ လှုပ်ရှားသူများ၏ မိသားစုဝင်ဆွေမျိုးများက စက်တင်ဘာ ၁၂ ရက်တွင် တောင်းဆိုခဲ့ကြသည်။

ဟောင်ကောင်တက်ကြွလှုပ်ရှားသူများသည် လှေရေယာဉ်ဖြင့် ရေလမ်းခရီးကနေတဆင့် တိုင်ပေသို့ ထွက်ပြေးရန်ကြိုးပမ်းခဲ့စဉ် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

ထိန်းသိမ်းခံ တက်ကြွလှုပ်ရှားသူ ၁၂ ဦးအနက် ခြောက်ဦး၏ ဆွေမျိုးမိသားစုဝင်များသည် ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ထားရန် မျက်နှာဖုံးများ၊ ဦးထုပ်များ ဝတ်ဆင်ထားပြီး ဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူများ ၏ သတင်းအချက်အလက်များ ရရှိရေးနှင့် အကူအညီရရေးအတွက် ပထမဆုံးအကြိမ် လူအများရှေ့တွင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ တောင်းဆိုမှုကို ဒေသရှိ ဒီမိုကရေစီလိုလားသော နိုင်ငံရေးသမားအချို့က ထောက်ကူပံ့ပိုးပေးခဲ့သည်။

အချို့သည် ငိုကြွေးနေခဲ့ကြပြီး တောင်းဆိုချက်တစ်ချို့ကို ထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုချက်များထဲတွင် ထိန်းသိမ်းခံထားသူများကို တရုတ်အစိုးရမဟုတ်ဘဲ မိသားစုများက ခန့်အပ်သည့် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးခွင့် ရရန်နှင့် ၎င်းတို့ကို ဟောင်ကောင်ရှိ ဆွေမျိုးများနှင့် ဖုန်းဆက်သွယ်ပြောဆိုခွင့် ရရန် တို့ ပါဝင်ခဲ့သည်။

“အခြေအနေတွေက ဘယ်လောက်တောင် ဆိုးဝါးနေလိမ့်မလဲ ကျွန်မ မစဉ်းစားရဲပါဘူး” လို့ လီ အမည်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ သူမ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် လီ တက်ယင်သည် ရှန်ကျန်းမြို့တောင်ပိုင်း ထိန်းသိမ်းရေးစင်တာတစ်ခုတွင် ထိန်းသိမ်းခံထားရသူများထဲတွင် ပါဝင်နေသည်။

“ဒီ ရက်ပေါင်း ၂၀ လောက်ဟာ ကျွန်မတို့အတွက် တကယ် ခက်ခဲလွန်းပါတယ်၊ သူ ဘေးကင်းနေသလား၊ အသက်ရှင်နေသလားဆိုတာ ကျွန်မတို့ မသိခဲ့ရပါဘူး” ဟု သူမက ပြောသည်။

တက်ကြွလှုပ်ရှားသူများ မည်သည့်စွဲချက်များဖြင့် ရင်ဆိုင်ထားရသည် ဆိုသည်နှင့်ပတ်သက်၍လည်း သတင်းမရသေးကြောင်း ဆွေမျိုးများက ပြောသည်။ ထို့ပြင် ဟောင်ကောင် အစိုးရအနေဖြင့်လည်း လက်ဆုပ်လက်ကိုင်ပြ သနိုင်သည့် အကူအညီ တစုံတရာ ပေးခြင်း မရှိဟု ၎င်းတို့က ပြောသည်။ ထိန်းသိမ်းခံထားသူများထဲတွင် အသက်အငယ်ဆုံးမှာ အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦးဖြစ်သည်။

ထိန်းသိမ်းခံထားသူတချို့မှာ ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်းလည်း ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။

လူဝင်မှု ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ ဝန်ထမ်းများအနေဖြင့် ယခုကိစ္စကို ကူညီပေးနေကြောင်း၊ မိသားစုဝင်များနှင့်လည်း ပုံမှန်ဆက်သွယ်မှု ရှိကြောင်း ပြောခဲ့သည်။

ထိန်းသိမ်းခံထားရသည့် ဟောင်ကောင်ပြည်သူ ၁၂ ဦးသည် လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်ပြီး ပြည်မကြီး ရှေ့နေများထံမှ ကိုယ်စားလှယ်များ ငှားရမ်းထားပြီးဖြစ်သည်ဟု အာဏာပိုင်များထံမှ တဆင့် ကွမ်တုံ ပြည်နယ် အစိုးရရုံးက သိရှိထားသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်က ကွမ်တုံပြည်နယ် တောင်ပိုင်းကမ်းခြေအနီး လှေတစ်စင်းကို ကြားဖြတ်ဟန့်တားပြီး လူဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ ဗျူရိုက သြဂုတ် ၂၇ ရက်တွင် ဆိုရှယ်မီဒီယာဆိုဒ်ပေါ်တွင် တင်ခဲ့သည်။

အဆိုပါ ၁၂ ဦးသည် နိုင်ငံရေးခိုလှုံခွင့်လျှောက်ရန် တိုင်ပေသို့ သွားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကားပြီး ဟောင်ကောင်မီဒီယာက ဖော်ပြသည်။ ပေကျင်းအစိုးရပြဋ္ဌာန်းသော အမျိုးသား လုံခြုံရေးဥပဒေ အပြည့်အ၀ အသက်ဝင်ခဲ့ချိန် ဗြိတိန်ကိုလိုနီဟောင်းဒေသတွင် ဆိုးဝါးသည့် နှိပ်ကွပ်မှုများနှင့်ပတ်သက်၍ ဒေသခံတက်ကြွသူများနှင့် နိုင်ငံရေးသမားများ စိုးရိမ်ပူပန်နေကြချိန် ယင်းကဲ့သို့ တက်ကြွလှုပ်ရှား သူများ ဖမ်းဆီးခံရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly