အကျပ်အတည်းကာလမှာ ဆန်းသစ်တီထွင်မှုတွေနဲ့ ပြေးဆွဲနေတဲ့ ဗီယင်နာမြို့က နာမည်ကျော်မြင်းရထားတွေ

အကျပ်အတည်းကာလမှာ ဆန်းသစ်တီထွင်မှုတွေနဲ့ ပြေးဆွဲနေတဲ့ ဗီယင်နာမြို့က နာမည်ကျော်မြင်းရထားတွေ

စက်တင်ဘာ ၁၃

သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမှာတော့ မြင်းဆွဲ ရထားတွေ ဆိုတာ  ထုံးတမ်းအလေ့အထ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ခရီးသွားတွေ မရှိဘဲ ဝင်ငွေလျော့ကျမှုနဲ့ ရင်ဆိုင်အတွေ့မှာ ဒီ မြင်းရထား မောင်းသူတွေဟာ ၎င်းတို့ရဲ့ လုပ်ငန်း လုပ်ကိုင်မှု ပုံစံကို ပြန်လည် ဆန်းသစ်တီထွင်ပြီး လုပ်ကိုင်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ဗီယင်နာ ယဉ်ကျေးမှု မြင်းရထား ပြေးဆွဲမှုလုပ်ငန်းပရောဂျက်အရ ဗီယင်နာမြို့တွင်းအနှံ့ မြင်းဆွဲရထား ခရီးစဉ်တစ်ခုနဲ့အတူ ဇာတ်လမ်းပြဇာတ် ရှိုးပွဲတစ်ခုကိုပါ ကမ်းလှမ်းဝန်ဆောင်မှုပေးခဲ့ပါတယ်။

စီးနင်းလိုက်ပါတဲ့ ဖောက်သည်တွေအနေနဲ့ မတူညီတဲ့ ရွေးချယ်စရာ သုံးခုဖြစ်တဲ့ ရုပ်သေးပြပွဲ၊ ဗီယင်နာ ရိုးရာတေးသီချင်းတွေ နဲ့ စာပေ ဒါမှမဟုတ် စုံထောက် ဇာတ်လမ်း တို့အကြား ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့်တော့ လူကြီးလေးယောက်စာအတွက် ရထားတွဲ ခရီးစဉ်တစ်ခုလုံးအတွက် ယူရို ၁၂၀ ကနေ ၁၈၀ အကြား ကျသင့်ပြီး ခရီးစဉ်ကြာချိန် မိနစ် ၃၀ ကနေ ၅၀ အကြား ရှိပါတယ်။

“ကျွန်မ သဘောကျမိတဲ့အချက်က ဒါက မြင်းဆွဲရထား အလေ့အထနဲ့ ယဉ်ကျေးမှုအကြား ဆက်နွယ်ချိတ်ဆက်ထားတာဖြစ်ပါတယ်၊ ပြီးတော့ ဒီလို အကျပ်အတည်းကာလမျိုးမှာ ယဉ်ကျေးမှုကို တတ်နိုင်သမျှ အားပေးတာမျိုး ကို ကျွန်မ သဘောကျမိတယ်” လို့ ပရိသတ်တစ်ဦးဖြစ်တဲ မစ်ချယ်လာ တက်ဘာဟိုဖာက ပြောပါတယ်။

“မြင်းရထားတွေနဲ့ ယဉ်ကျေးမှုကို ကျွန်မ ယူဆောင်ချင်ခဲ့ရုံပါပဲ၊ ဘာလို့လဲဆိုတော့ ရထားတွဲတွေက ဗီယင်နာကို ပြသနိုင်မယ့် အံ့သြဖွယ်ရာ နည်းလမ်းတစ်ခုဖြစ်လို့ပါ၊ ကျွန်မ မြင်းတွေကိုလည်း ချစ်တယ်၊ နောက်ပြီး မြို့ထဲမှာ သူတို့အတူ အလုပ်လုပ်ဖို့ လိုအပ်ပြီး ဖြစ်နိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်၊ ကျွန်မတို့ဟာ တိရစ္ဆာန်တွေနဲ့ လူတွေအကြား ခွဲခြားထားတဲ့ စည်းတစ်ခု ဆွဲရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့ဟာ အတူတကွ ခံစားကြ ရမှာဖြစ်ပါတယ်” လို့ ဗီယင်နာ ယဉ်ကျေးမှု မြင်းရထား ပြေးဆွဲမှု ပရောဂျက်တည်ထောင်သူ ဆူဆီတာ ဖင့်ခ်က ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပျောက်ကွယ်သွားခဲ့တယ်၊ အရင်နှစ်တွေကတော့ ဒါနဲ့ ရပ်တည်ခဲ့ရတယ်၊ ဒါပေမယ့် လော့ခ်ဒေါင်းကြောင့် နှစ်လကျော်လောက် လုံး၀ မြင်းလှည်း မမောင်းနိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်” လို့ မြင်းရထား မောင်းသူတစ်ဦးဖြစ်တဲ့ မာတီနာ မစ်ချယ်ဖိတ် စတော့ကင်ဂျာက ပြောပါတယ်။

“ဒီ စိတ်ကူးက တအား ကောင်းတယ်၊ မာတီနာနဲ့ ဆူဆီတာ တို့ တီထွင်ထားတာတွေ တကယ် ကောင်းတယ်၊ ဘာလို့လဲဆိုတော့ ဒါက ကျွန်မအတွက်ကတော့ ကျွန်မအလုပ်ကို လုပ်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းပေးလို့ပါ၊ အဲဒီထဲမှာ အကြိုက်ဆုံးအချက်က ဒါက စတိတ်စင်ပေါ်မှာ မတ်တပ်ရပ်နေရတာလည်း မဟုတ်ဘူး၊ ဒါပေမယ့် ပရိသတ်တွေနဲ့တော့ ပြောဆို ဆက်ဆံရတယ်၊ ဒါ ကို ကျွန်မ နှစ်သက်ပါတယ်” လို့ မင်းသမီးတစ်ဦးဖြစ်တဲ့ အီဗာ ဘီလစ်ရှ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly