ဘီလာရုစ်မှာ အမျိုးသမီးဆန္ဒပြသူတွေကို ရဲတွေက အကြမ်းပတမ်း ဖမ်းဆီး

By AFP
13 September 2020
ဘီလာရုစ်မှာ အမျိုးသမီးဆန္ဒပြသူတွေကို ရဲတွေက အကြမ်းပတမ်း ဖမ်းဆီး

စက်တင်ဘာ ၁၃

ဘီလာရုစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား စက်တင်ဘာ ၁၂ ရက်က ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ရာမှာတော့ ရဲတွေက ဆန္ဒပြအမျိုးသမီးတွေကို အကြမ်းပတမ်း ဖမ်းဆီးပြီး ဗင်ကားတွေထဲ အတင်းဆွဲသွင်း ဖမ်းခေါ်သွားခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်က မြို့တော် မင့်စ်မှာ ဆန္ဒပြသူ ထောင်နဲ့ချီတို့ လမ်းတွေပေါ် ချီတက်ခဲ့ကြပြီး ရဲတွေရဲ့ အကြမ်းဖက်မှု၊ ရွေးကောက်ပွဲ မသမာမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ယင်းနောက် ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြအမျိုးသမီး ဒါဇင်နဲ့ချီကို အကြမ်းပတမ်း ထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံမှာ ၂၆ နှစ်ကြာ အုပ်ချုပ်နေခဲ့တဲ့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုက ပြီးခဲ့တဲ့ သြဂုတ် ၉ ရက် ရွေးကောက်ပွဲမှာ ၎င်းဟာ မဲရလဒ် ၈၀ ရာခိုင်နှုန်းနဲ့ အတိုက်အခံ ကိုယ်စားလှယ် ဆဗက်လာနာ တစ်ဟန်နော့စကာယာအပေါ် အနိုင်ရခဲ့ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ယင်းနိုင်ငံမှာ မကြုံစဖူး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ မျှော်လင့်ရတဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတစ်ခု မတိုင်မီ စက်တင်ဘာ ၁၂ ရက်မှာ အမျိုးသမီးဆန္ဒပြသူအုပ်စုတွေဟာ ငြိမ်းချမ်းတဲ့ အမျိုးသမီး ဆန္ဒပြပွဲတစ်ခုအတွက် မင့်စ်မြို့လယ်ခေါင်မှာ စုဝေး ခဲ့ကြပါတယ်။

တချို့က လက်ကိုင်တပ်ဒယ်တွေကို ယောက်ချိုဇွန်းတွေနဲ့ တီးခတ်ခဲ့ကြသလို တချို့ကလည်း “ငါတို့ရဲ့ မာရှာကို ပြန်ခေါ်ပေး” ဆိုပြီး အတိုက်အခံခေါင်းဆောင် မာရီယာ ကိုလက်စ်နီကိုဗာကို ရည်ညွန်းပြီး ကြွေးကြော်အော်ဟစ် ခဲ့ကြပါတယ်။

အသက် ၃၈ နှစ်ရှိ အတိုက်အခံခေါင်းဆောင် ကိုလက်စ်နီကိုဗာကတော့ သူမရဲ့ ပတ်စ်ပို့ကို ဆုတ်ဖြဲပြီး အတင်းအကျပ် နှင်ထုတ်မှုကို ဆန့်ကျင်ခဲ့တဲ့နောက် ယခုအပတ်ထဲမှာ ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။

ဒါပေမယ့် မင့်စ်မြို့ရဲ့ လွတ်မြောက်ရေးရင်ပြင်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ကာ အနက်ရောင်မျက်နှာဖုံးစွပ်ထားပြီး အဆောင်အယောင်တံဆိပ်မပါတဲ့ အစိမ်းရောင် ယူနီဖောင်းဝတ် အမျိုးသားတွေဟာ အမျိုးသမီး ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကို ဘီလာရုစ် လွတ်လပ်တဲ့ သတင်းဌာန Tut.by နဲ့ Belsat တီဗီချန်နယ်က ထုတ်လွှင့်တဲ့ ဗီဒီယိုပုံရိပ်တွေထဲမှာ တွေ့ခဲ့ရပါတယ်။

ဆန္ဒပြအမျိုးသမီးတချို့က ပြန်လည် တွန်းထိုးရုန်းကန်ပြီး ယူနီဖောင်းဝတ် အမျိုးသားတွေရဲ့ မျက်နှာဖုံးတွေကို ဆွဲလှန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ယင်းနောက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက အမျိုးသမီးဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖမ်းဆီးပြီး ရဲကားတွေထဲ တွန်းထိုးသွင်းခဲ့တာကိုလည်း အခြားဗီဒီယိုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

လူ ၄၀ ကျော်လောက် ထိန်းသိမ်းခံခဲ့ရတယ်လို့Viasna လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အိုလဂါ ချီမိုဒါနိုဗာကတော့ အမျိုးသမီးဆန္ဒပြသူတွေ ဖမ်းဆီးခံရတာကို အတည်ပြုခဲ့ပေမယ့် အခြားအသေးစိတ်အချက်အလက်တွေကို ပြောသွားခြင်း မရှိပါဘူး။

တချိန်တည်းမှာပဲ နိုင်ငံကနေ  နှင်ထုတ်ခံခဲ့ရပြီး အီးယူအဖွဲ့ဝင် လစ်သူရေးနီးယားမှာ ခိုလှုံခွင့်ရထားတဲ့ ဘီလာရုစ်အတိုက်အခံခေါင်းဆောင် တစ်ဟန်နော့စကာယာကလည်း အဓိကရုဏ်းနှိမ်နင်းရေးရဲတွေရဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့ တိုက်တွန်းသွားပါတယ်။

“ဒီနေ့ ရှင်တို့ လုပ်နေခဲ့တာတွေအတွက် ရှင်တို့ အရှက်ရနေပါလိမ့်မယ်” လို့ သူမက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly