Asiana Airlines ကို လက်လွှဲဝယ်ယူရေး ကန်ဒေါ်လာ ၂ ဘီလီယံကျော် သဘောတူညီချက် ပျက်ပြား

Asiana Airlines ကို လက်လွှဲဝယ်ယူရေး ကန်ဒေါ်လာ ၂ ဘီလီယံကျော် သဘောတူညီချက် ပျက်ပြား

 စက်တင်ဘာ ၁၂

အရှုံးပေါ်နေတဲ့ Asiana Airlines ကို တောင်ကိုရီးယား ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ရပ်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်နဲ့ လက်လွှဲဝယ်ယူရေး သဘောတူညီချက်ဟာ သောကြာနေ့မှာ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်းမှာ အဲဒီ တောင်ကိုရီးယား Asiana Airliens လေကြောင်းလိုင်းက အလုပ်အကိုင်ပေါင်း ၉၀၀၀ ကို ကယ်မနိုင်ရေးအတွက် နိုင်ငံပိုင်ဘဏ်တွေကလည်း ချေးငွေမတည် ကူညီပေးထားခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးမှာ ခရီးသွားကန့်သတ်ချက်တွေ ချမှတ်ပြဋ္ဌာန်းကြတာကြောင့် လေကြောင်းလိုင်းလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နေရတာ ဖြစ်ပေမယ့် Asiana Airliens လေကြောင်းလိုင်းကတော့ ဒီ မတိုင်ခင်ကတည်းက ပြဿနာအကျပ်အတည်း ဆိုက်နေခဲ့တဲ့ လေကြောင်းလိုင်းပဲ ဖြစ်ပါတယ်။ 

HDC Hyudai Development ဦးဆောင်တဲ့ ကုမ္ပဏီလုပ်ငန်းစုတစ်ရပ်ဟာ ဒီ လေကြောင်းလိုင်းက အဓိကရှယ်ယာပမာဏကို အများဆုံး ရှယ်ယာပိုင်ဆိုင်တဲ့ Kumho Industrial ကုမ္ပဏီထံကနေ ဝမ်ငွေ ၂ ဒသမ ၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ)နဲ့ လက်လွှဲဝယ်ယူဖို့ ဒီဇင်ဘာလအတွင်းမှာ သဘောတူခဲ့တာပါ။ 

ဒါပေမယ့် အခုနှစ် ပထမခြောက်လအတွင်းမှာပဲ ဝမ်ငွေ ၂၆၈ ဘီလီယံ အရှုံးပေါ်ကြောင်း Asiana လေကြောင်းလိုင်းက ထုတ်ပြန်တာကြောင့် ကြွေးမြီပမာဏဟာ ဝမ်ငွေ ၁၁ ဒသမ ၅ ထရီလီယံအထိ မြင့်တက်သွားတော့တာ ဖြစ်ပါတယ်။ 

လေကြောင်းလိုင်းအနေနဲ့ နိုင်ငံတကာပျံသန်းမှု အများစုကို ပယ်ဖျက်ထားရပြီး ဧပြီလကစလို့ ဝန်ထမ်းပေါင်း ၉၀၀၀ ကို တစ်လမှာ ၁၅ ရက် လစာမဲ့ခွင့် ပေးခဲ့ပြီး လုပ်ငန်းမပြိုလဲရေးအတွက် ကျားကန်နေခဲ့ရပါတယ်။ 

ကြွေးနွံနစ်နေတဲ့ ဒီ လေကြောင်းလိုင်းရဲ့ အဓိကျတဲ့ ရှယ်ယာအများစုကို လက်လွှဲဝယ်ယူရေးမှာ HDC လုပ်ငန်းစုက နောက်ထပ် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ကြိုးစားလာခဲ့ပြီး ဒီလို ကြိုးပမ်းလာတာဟာ ဈေးနှိမ်ပေးဖို့ ကြိုးစားလာတာဖြစ်တယ်လို့ တော်တော်များများက ရှုမြင်ထားပါတယ်။ 

“Kumho Industrial ဟာ အရောင်းအဝယ် သဘောတူညီချက် ပျက်ပြယ်သွားပြီဆိုတာကို HDC လုပ်ငန်းစုထံ အကြောင်းကြားပြီးပါပြီ။”ဆိုပြီး Asiana လေကြောင်းလိုင်းကို အဓိက ချေးငွေချပေးနေတဲ့ ကိုရီးယားဖွံ့ဖြိုးမှုဘဏ် KDB ရဲ့ လက်ထောက်ဥက္ကဌ ချွဲဒဲဟွမ်က သောကြာနေ့မှာ ကြေညာပါတယ်။ 

KDB နဲ့ အခြား နိုင်ငံပိုင်ဘဏ် Export-Import Bank of Korea ဘဏ်တို့က လေကြောင်းလိုင်း ဆက်လက်ပျံသန်းနိုင်ဖို့အတွက် နောက်ထပ် ဝမ်ငွေ ၂ ဒသမ ၄ ထရီလီယံ ချေးငွေချထားပေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly