နှာခေါင်းစည်း မတပ်သည့် အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးအား ဆဲဆိုရိုက်နှက်မှု သင်္ကန်းကျွန်း မြို့နယ်တွင် ဖြစ်ပွား

နှာခေါင်းစည်း မတပ်သည့် အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးအား ဆဲဆိုရိုက်နှက်မှု သင်္ကန်းကျွန်း မြို့နယ်တွင် ဖြစ်ပွား
ဓာတ်ပုံ - မသက်သက်စံ

စက်တင်ဘာ ၁၁

နှာခေါင်းစည်းမတပ်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ခြံဝန်းတံခါးအားသော့ခတ်ကာ အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ဆဲဆိုမှုများ ပြုလုပ်ခြင်း ခံခဲ့ရကြောင်း ရိုက်နှက်ခံရသူ မသက်သက်စံက မဇ္စျိမ သတင်းဌာနကို ပြောသည်။

စက်တင်ဘာလ ၈ရက် ညနေ ၆နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ဆ/ခရပ်ကွက်ရှိ ဦးလေးဖြစ်သူထံသို့ ပစ္စည်းသွားရောက်ယူဆောင်စဉ် ဦးလေးနေထိုင်ရာခြံ၏ ခြံပိုင်ရှင်မှယခုကဲ့သို့ ဆဲဆိုရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကာယ ကံရှင်များဘက်က ပြောသည်။ 

အခင်းဖြစ်သည့် နေရာမှာ ခြံဝန်းတစ်ခုတည်းအတွင်း အိမ်အလုံး ၄၀ခန့်ကိုဆောက်လုပ်ငှားရမ်းထားခြင်းဖြစ်ပြီး ၎င်းခြံဝန်းအတွင်းရှိ ဦးလေးဖြစ်သူထံမှ ပြန်အလာတွင် နှာခေါင်းစည်း Mask မတပ်ဘဲ သွားလာသည့် အကြောင်းပြချက်ဖြင့် ခြံတံခါးကို သံကြိုးခတ်ပြီး ခြံပိုင်ရှင်ဖြစ်သူက ဆဲဆို၊ရိုက်နှက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ 

ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် မသက်သက်စံက “ ဖြစ်တာက သွားတုန်းက ညီအစ်မနှစ်ယောက်စလုံး Mask တပ်သွားတယ်။ လမ်းမှာ ညီမလေးက သူ့လက်မှာဆီတွေပေသွားတယ်။ အဲဒီအခါ ကိုင်လိုက်တော့ Mask ပါ ပေသွားတော့ ချွတ်လိုက်တာ။ ချွတ်လိုက်ပြီးတော့ အဲဒီခြံထဲကို ဝင်ပြီးတော့ ပစ္စည်းယူတာပါ။ အဲဒီမှာ ခြံထဲကနေ Mask မတပ်လို့ဆိုပြီးတော့ ဆဲဆိုတာတွေလုပ်တယ်။ ရိုက်နှက်တာတွေလုပ်တယ်။ ဒဏ်ရာတွေလည်းရပါတယ်။ ညီမလေးဆို စကပ်တွေပြဲသွားတယ်။ အဲဒီအချိန်မှာ ခြံအပြင်ဘက်မှာလည်း လူအယောက် ၃၀လောက်ဖြစ်သွားတယ်။ အဲဒီလူတွေကလည်း မလိုတဲ့အကြည့်တွေနဲ့ ကြည့်တာတွေရှိတယ်။ ခြံပြင်ကလည်း ဆွဲလားရမ်းလားတွေလုပ်တာတွေရှိတယ်” ဟု မဇ္စျိမသို့ပြောသည်။ 

ရိုက်နှက်မှုများကြောင့် အသက် ၂၆အရွယ် မသက်သက်စံမှာ လက်မောင်းတွင် ဒဏ်ရာအချို့နှင့် အသက် ၁၅ နှစ်အရွယ် ညီမဖြစ်သူမှာလည်း စကပ်အောက်ပိုင်းနှင့် အပေါ်ပိုင်းတို့တွင် စုပ်ပြဲပြီး ဒဏ်ရာအချို့ ရရှိခဲ့ ကြောင်းသိရသည်။ 

သင်္ကန်းကျွန်းမြို့နယ် ဆ/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလှိုင်က “ ဒီနေ့ ရပ်ကွက်ရုံးမှာ နှစ်ဦးနှစ်ဖက် ခေါ်တွေ့တယ်။ ကိုယ်ထိလက်ရောက်ဖြစ်တာတွေပါတော့ ရဲစခန်းကိုလွှဲပေးလိုက်ပါပြီ” ဟု မဇ္စျိမသို့ပြောသည်။ 

နှာခေါင်းစည်း Mask မတပ်ပါကအသိပညာပေးပြောဆိုရမည်ဖြစ်သော်လည်း ယခုကဲ့သို့ အုပ်စုဖွဲ့ ရိုက်နှက်သည့်ကိစ္စကို  ရှုတ်ချကြောင်း သင်္ကန်းကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း မဟန်ဦးခင်ကပြောသည်။ 

 မဟန်ဦးခင်က “ ဒီကိစ္စက ဖြစ်သွားတာလည်း မှန်နေတယ်။ ကာယကံရှင်မိန်းကလေးနဲ့လည်း ဖုန်းအဆက်အသွယ်လုပ်ထားတယ်။ သူ့တို့ကို လူမှုရေးအရ ဘယ်လိုကူညီရမလဲဆိုတာကို ကာယကံရှင်မိန်းကလေးကလည်း မိသားစုနဲ့ တိုင်ပင်ပြီးတော့ တွေ့ဖို့ရှိပါတယ်” ဟုမဇ္စျိမသို့ပြောသည်။ 

နှာခေါင်းစည်း Mask မတပ်ဟုဆိုကာ ဆဲဆိုရိုက်နှက်သူ အများစုမှာ အခင်းဖြစ်သည့်အချိန်တွင် ၎င်းတို့ကိုယ်တိုင် ဝတ်ဆင်ထားခြင်းမရှိကြောင်း ရိုက်နှက်ဆဲဆိုခံရသူ ကာယကံရှင်မိန်းကလေးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly