တရုတ်က အသာလေး အနိုင်ပိုင်းမှာကို မခံကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ပွန်ပီယို တိုက်တွန်း

By AFP
11 September 2020
တရုတ်က အသာလေး အနိုင်ပိုင်းမှာကို မခံကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ပွန်ပီယို တိုက်တွန်း
Photo - AFP

စက်တင်ဘာ ၁၁

တောင်တရုတ်ပင်လယ်မှာ လူလုပ်ကျွန်းတွေ တည်ဆောက်ရာမှာ ပါဝင်ကူညီနေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ အဆက်အဆံ ဖြတ်ဖို့ အမေရိကန် ထိပ်တန်းသံတမန်က အရှေ့တောင်အာရှနိုင်ငံတွေကို ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ 

အဲဒီ အငြင်းပွားရေပြင်မှာ လုပ်ငန်းဆောင်ရွက်နေကြတဲ့ တရုတ်ကုမ္ပဏီ နှစ်ဒါဇင်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းလိုက်ပြီး သီတင်းပတ်တွေအကြာမှာ ပွန်ပီယိုက တိုက်တွန်းဆော်ဩလာတာပဲ ဖြစ်ပါတယ်။ 

ကုန်သွယ်ရေးကနေ ကိုရိုနာဗိုင်းရပ်စ်အရေးအထိ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ယှဉ်ပြိုင်မှုတွေ အရိပ်လွှမ်းထားတဲ့ ဒေသဆိုင်ရာ အာရှထိပ်သီးအစည်းအဝေးတစ်ရပ်မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မှတ်ချက်ပြု ပြောဆိုတာပါ။ 

သဘာဝသယံဇာတ ကြွယ်ဝတဲ့ ရေပြင်မှာ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုတွေမှာ ကူညီတယ်ဆိုပြီး တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ၂၄ ခုကို အမေရိကန်က ပြီးခဲ့တဲ့လအတွင်းက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာနဲ့အတူ တောင်တရုတ်ပင်လယ်အရေးဟာ တင်းမာမှု ရေချိန် မြင့်တက်လျက် ရှိနေပါတယ်။ 

အဲဒီလို တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ အဆက်အဆံ လုပ်တာကို ပြန်လည်စဉ်းစားသုံးသပ်ရမယ့် အချိန်ပဲလို့ အရှေ့တောင်အာရှ အစိုးရတွေကို ပွန်ပီယိုက ပြောပါတယ်။ 

“စကားပဲ သက်သက် ပြောမနေဘဲနဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ပါ။”လို့ အွန်လိုင်း ထိပ်သီးညီလာခံမှာ အရှေ့တောင်အာရှနိုင်ငံများ အာဆီယံအသင်းကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ပွန်ပီယိုက ပြောပါတယ်။ 

“တောင်တရုတ်ပင်လယ်မှာ အာဆီယံ ကမ်းရိုးတန်းနိုင်ငံတွေကို အနိုင်ကျင့်နေတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေနဲ့ စီးပွားရေး တွဲလုပ်တာကို ပြန်လည်စဉ်းစားကြပါ။”လို့ သူက ပြောပါတယ်။ 

“ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ပြည်သူတွေကို တရုတ်ကွန်မြူနစ်ပါတီက အသာလေး အနိုင်ပိုင်းသွားတာကို မခံကြပါနဲ့။”လို့ ပွန်ပီယိုက ဆော်ဩပြောဆိုပါတယ်။ 

အခုနှစ်ရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ တရုတ်က ကျည်စစ်နဲ့ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တောင်တရုတ်ပင်လယ်မှာ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကျင်းပလာတာပဲ ဖြစ်ပါတယ်။ 

ထိပ်သီးအစည်းအဝေးကို သဘာပတိမူတဲ့ ဗီယက်နမ်က ပင်လယ်ပြင်ကို စစ်ရေးပုံစံသွင်းနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly