ဆိုမာလီလန်းက ထိုင်ဝမ်မှာ ဌာနေရုံးခွဲဖွင့်လှစ် 

By AFP
11 September 2020
ဆိုမာလီလန်းက ထိုင်ဝမ်မှာ ဌာနေရုံးခွဲဖွင့်လှစ် 
Photo - AFP

စက်တင်ဘာ ၁၁ 

ဆိုမာလီလန်းဟာ စက်တင်ဘာ ၉ ရက်က ထိုင်ဝမ်မှာ ဌာနေရုံးခွဲဖွင့်လှစ်ခဲ့ပါတယ်။  

နိုင်ငံတွေအဖြစ် အသိအမှတ်ပြုခြင်းမခံရတဲ့ အချုပ်အခြာအာဏာပိုင်ဒေသနှစ်ခုအကြား ဆက်ဆံရေးပိုမိုနက်ရှားလာတာကြောင့် ပင်မနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဆိုမာလီတို့ကို စိတ်ဆိုးဒေါသထွက်စေတဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။ 

သီးသန့်ဆန်နေတဲ့ ထိုင်ဝမ်နဲ့ ဆိုမာလီလန်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက ဆက်ဆံရေးပိုမိုနီးကပ်လာခဲ့ကြတာဖြစ်ပါတယ်။ 

ဆိုမာလီလန်းဟာ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ်အတွင်း ဆိုမာလီနိုင်ငံကနေ ခွဲထွက်ပြီး တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့တာဖြစ်ပါတယ်။  

နိုင်ငံအချို့က ဆိုမာလီလန်းနဲ့ တရားမဝင်တဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားကြပေမယ့် ဘယ်နိုင်ငံကမှ သံတမန်ရေးအရ အသိအမှတ်မပြုကြပါဘူး။  

ထိုင်ဝမ်အခြေစိုက် ဆိုမာလီလန်းရဲ့ ဌာနေကိုယ်စားလှယ်ဖြစ်တဲ့ မိုဟာမက်ဟာဂီက “ဆိုမာလီလန်းက  လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပါတယ်။  အာဖရိက၊ မြောက်အမေရိက၊ ဥရောပနဲ့အာရှမှာရှိတဲ့ နိုင်ငံအတော်များများနဲ့ နှစ်နိုင်ငံဆက်ဆံရေးထူထောင်ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ဆက်‌ဆံရေးက တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ ထိခိုက်စေမှာမဟုတ်ဘဲ အပြန်အလှန်ကူညီမှုစိတ်ဓာတ်ပေါ် အခြေခံထားတာပါ” လို့ပြောပါတယ်။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက “ထိုင်ဝမ်နဲ့ ဆိုမာလီလန်းဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ရေကြောင်းလုံခြုံရေးကိစ္စရပ်တွေကို ၂၀၀၉ ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ဆိုမာလီလန်း ဌာနေရုံးခွဲဖွင့်လှစ်လိုက်တာဟာ ထိုင်ဝမ်နဲ့ဆိုမာလီလန်းဆက်ဆံရေးမှာ အခန်းကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်လိုက်တဲ့ အမှတ်သညာတစ်ခုပါ။ ထိုင်ဝမ်နဲ့ဆိုမာလီလန်းတို့ဟာ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုရဲ့ တန်ဖိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်တွေ ဝေမျှခဲ့ကြပါတယ်။ ပြင်ပဖိအားတွေကို ရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာတွေအတွက် နှစ်ထောင်းအားရဖြစ်မိပြီး ကာကွယ်ဖို့ အဆင်သင့်ပါပဲ ” လို့ပြောပါတယ်။  

ပြီးခဲ့လကလည်း ထိုင်ဝမ်က ဆိုမာလီလန်းမှာ သူတို့ရဲ့ ဌာနေရုံးခွဲကို ဖွင့်လှစ်ခဲ့ပါတယ်။  

အဲဒီလိုဖွင့်လှစ်မှုအပေါ် ဆိုမာလီက သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ အဆင်အခြင်မဲ့လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး ပေကျင်းကလည်း ထိုင်ဝမ်ကို ခွဲထွက်ရေးဝါဒကျင့်သုံးတယ်ဆိုပြီး စွပ်စွဲပြစ်တင်ခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly