ကယားပြည်နယ်သို့ အဝင်အထွက် ယာဉ်လိုင်းများအားလုံး ယာယီရပ်ဆိုင်းမည်

ကယားပြည်နယ်သို့ အဝင်အထွက် ယာဉ်လိုင်းများအားလုံး ယာယီရပ်ဆိုင်းမည်
ဓာတ်ပုံ - စောသန်းထိုက်ဦး

စက်တင်ဘာ ၁၁

ကယားပြည်နယ်သို့ ဝင်ထွက်သွားလာနေသည့် ခရီးသည်တင်ယဉ်လိုင်း အားလုံးကို စက်တင်ဘာ  ၁၂ ရက်မှ ၃၀ ရက်နေ့အထိ ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော် မတီ အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးစံအေးက ပြောသည်။

အဆိုပါ ကိစ္စကို ပြည်နယ် အစိုးရမှ ညွှန်ကြားခြင်းဖြစ်ကာ ကုန်တင်ယာဉ်များ ခရီးသည်တင်အဝေးပြေးယာဉ်များ ပြည် နယ်အတွင်း ပြေးဆွဲနေသည့်ယာဉ်များအားလုံးပါဝင်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားပြီး ကယားပြည်နယ်တွင် ယာဉ်လိုင်းပေါင်း ၇၀ နီးပါရှိကြောင်း သိရသည်။  

 ပြည်နယ်အတွင်းသို့ ရောက်ရှိလာသည့် ကုန်တင်ယာဉ်များအား သက်ဆိုင်ရာ နေရာ များသို့ တိုက်ရိုက် ပို့ဆောင်ခြင်း မပြုဘဲ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးအား လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အထက ( ၆ ) ယာဉ်ရပ်နားစခန်းတွင် သီးသန့်ထားရှိပြီး သက်ဆိုင်ရာ ကုန်သည် များမှ လာရောက်သယ်ယူသည့် စနစ်ဖြင့် ဆောင်ရွက်ရန်ညွှန်ကြားချက်တွင်ပါရှိသည်။

ဖော်ပြပါ ကုန်တင်ယာဉ်များနှင့် အတူ အပိုလိုက်ပါလာသည့် ခရီးသည်များ ပါရှိပါက ကွာရတင်း ဝင်ရောက်ရမည် ဖြစ်ပြီး ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကိုယ်ပိုင်ယာဉ်နှင့် ဌာနဆိုင်ရာယာဉ်များ အနေ ဖြင့် ယာဉ်မောင်း အပါအဝင်၃ ဦးအထိသာ တင်ဆောင်ခွင့်ပြုကြောင်း အစိုးရ ညွန်ကြားချက်တွင် ပါရှိသည်။

 ကွာရတင်း ဝင်ရမည့် သူများအနေဖြင့် စားစရိတ် တစ်ရက် ၂၈၀၀ နှုန်းဖြင့်၂ပတ်စာ ၃၉၀၀၀ ကျပ်ကို ကျခံရမည် ဖြစ်ကြောင်းဦးစံအေးက ပြောသည်။

ယခုကဲ့သို့ ယာဉ်လိုင်းများ ယာယီရပ်ဆိုင်းလိုက်သဖြင့် ဝင်ငွေအပေါ် မှီခိုနေသည့် ဝန်ထမ်းအချို့ အခက်အခဲနှင့် ကြုံတွေ့ရနိုင်ကြောင်း လွိုင်ကော်မြို့ ရွှေရာဇာ ယာဉ်လိုင်း  ယာဉ်လိုင်း ဂိတ်မှူး ဦးအောင်သန်းစိန်က ပြောသည်။

ပြင်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများနှင့် ကယားပြည်နယ်မှအပ အခြား ပြည်နယ်၊ တိုင်းဒေသကြီး များမှ  ဝင်ရောက်လာ သူအား လုံး  ( Community Based Facility Quarantine ) ၁၄ ရက် နေထိုင်ရန် ဓါတ်ခွဲ နမူ နာ (၁) ကြိမ် ရယူ ရန်နှင့် Home Quarantine (၇)ရက် နေထိုင်ရန် ပြည်နယ် အစိုးရက ညွန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly