ရဲလက်ချက်ကြောင့် လူသေဆုံးရာက ကိုလံဘီယာအဓိကရုဏ်းအတွင်းမှာ လူ ၇ ဦး သေဆုံး 

By AFP
11 September 2020
ရဲလက်ချက်ကြောင့် လူသေဆုံးရာက ကိုလံဘီယာအဓိကရုဏ်းအတွင်းမှာ လူ ၇ ဦး သေဆုံး 

 စက်တင်ဘာ ၁၁

ကိုလံဘီယာနိုင်ငံမှာ ရဲက ကျင်စက်နဲ့ အကြိမ်ကြိမ်တို့ရာက လူတစ်ဦးသေဆုံးတာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

မြို့တော် ဘိုဂိုတာမှာ အဓိကရုဏ်းဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ 

ဂျာဗီးယားအော်ဒိုနက်ဇ်ဆိုသူဟာ မြေပေါ်လဲကျနေပြီး သူ့ကို ကျင်စက်နဲ့တို့ကြတဲ့ ယူနီဖောင်းဝတ်ရဲတွေကို တောင်းပန်နေတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့တာပါ။ 

အဲဒီ ဗီဒီယို ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဘိုဂိုတာက လမ်းတွေပေါ် ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတွေဟာ စုရုံးဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ 

သေနတ်ပစ်ခတ်ခံရလို့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အနည်းဆုံး သုံးဦး သေဆုံးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲက ပြောပါတယ်။ 

ရဲစခန်းအချို့ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက်မှာ ကာကွယ်ရေးဝန်ကြီး ကားလို့စ်ဟုမ်းက “အကြီးစား ဆူပူအကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်နေရတာပါ။”လို့ ပြောပါတယ်။ 

လူဦးရေ ခုနစ်သန်းကျော်ရှိရာ ဘိုဂိုတာမြို့တော်ဆီ စစ်သားနဲ့ စစ်ဖက်ရဲ ရာပေါင်းများစွာ စေလွှတ်တပ်ဖြန့်ပြီး တရားဥပဒေစိုးမိုးမှု ရှိအောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

ဆူပူဆန္ဒပြမှုတွေဟာ မီဒီလင်နဲ့ ကာလီမြို့တွေဆီပါ ကူးစက်သွားခဲ့ပါတယ်။ အဓိကရုဏ်းနှိပ်နှင်းရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေမှုတွေမှာ ယူနီဖောင်းဝတ် ရဲ ၁၁၄ ဦး အပါအဝင် လူပေါင်း ၃၂၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဘိုဂိုတာမြို့တော်ဝန် ကလော့ဒီယာလိုပက်ဇ်က ပြောပါတယ်။ 

ဒီ ဒဏ်ရာရသူတွေမှာ ၅၈ ဦးက မြို့တော်ဝန် လိုပက်ဇ်က ဆိုပါတယ်။ 

“ဒါဟာ ရဲတပ်ဖွဲ့က သေနတ်တွေကို အရမ်းကာရော အသုံးပြုတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေပဲ ဖြစ်တယ်။”လို့ မြို့တော်ဝန်က မှတ်ချက်ချပြောဆိုပါတယ်။ 

“ဆန္ဒပြမှုတစ်ရပ်ကို လုံးလုံး မလျော်မကန် တုံ့ပြန်တတ်အောင် သူတို့ကို သင်တန်းဆင်းပေးထားတာလား။”ဆိုပြီး မြို့တော်ဝန်လိုပက်ဇ်က မချိတင်ကဲ ဆိုပါတယ်။ 

ရှေ့နေတစ်ဦးဖြစ်ပြီး ကလေးနှစ်ယောက် ဖခင်ဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် အော်ဒိုနက်ဇ်ကို ရဲက နှိပ်စက်တဲ့ ဗီဒီယိုက သူငယ်ချင်းတစ်ဦးက ရိုက်ယူထားတာဖြစ်ပြီး ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ 

ဗီဒီယိုမှာ အော်ဒိုနက်ဇ်ဟာ ငိုကြွေးရင်း ‘ကျေးဇူးပြုပြီး ထပ်မလုပ်ကြပါနဲ့။’လို့ တောင်းပန်တာကို ကြားရပါတယ်။ 

သူတကို ရဲစခန်းဆီ ခေါ်ဆောင်သွားပြီးနောက်မှာ ဒေသဆေးခန်းဆီ ပို့ဆောင်ခဲ့ပေမယ့် မကြာမီမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ရဲစခန်းမှာ သူ့ကို ထပ်ပြီး ညှင်းပန်းနှိပ်စက်ကြတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။ 

လက်ယာယိမ်းသမ္မတ အီဗန်ဒက်က အခုအမှုကို အချက်အလက် မှန်မှန်ကန်ကန် ထွက်ပေါ်လာတဲ့အထိ စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုပြောဆိုပါတယ်။ 

ဒါပေမယ့် ရဲတပ်ဖွဲ့ကို အပြစ်တင်ဖို့နဲ့ လူသတ်သမားတွေလို့ ကဲ့ရဲ့ရှုတ်ချဖို့ကိုတော့ ကျူးလွန်သူတွေဟာ ရဲအနည်းအကျဉ်းပဲ ဖြစ်တာကြောင့်ဆိုပြီး ငြင်းပယ်ရမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly