အရှေ့တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင် လုပ်မည်

အရှေ့တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင် လုပ်မည်
လေ့ကျင့်ရေးကွင်းတွင် မြင်တွေ့ရသော Squash ကစားသမားများ။(ဓာတ်ပုံ - နေလင်းထက်)

နိုဝင်ဘာ ၁၂၊ ရန်ကုန်။              ။ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံ ခြောက်နိုင်ငံ ဝင်ပြိုင်မည်ဖြစ်သည်။

ပထမအကြိမ် အရှေ့တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် မြောက် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လက်ခံကျင်းပခြင်းဖြစ်သည်။

တင်းနစ်ကစားနည်းနှင့် ဆင်တူသည့် Squash ကစားနည်းကို အရှေ့ တောင်အာရှတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ခြောက်နိုင်ငံခန့်သာ ကစားလျက်ရှိသည်။ ဒုတိယအကြိမ်မြောက် အရှေ့ တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် Squash အသင်း၌ အမျိုးသား ကစားသမား လေးဦး၊ အမျိုးသမီး ကစားသမား လေး ဦး စီဖြင့် လေ့ကျင့်နေပြီး သြစတြေးလျလူမျိုး နည်းပြ ဒီလန်းမှ နည်းပြချုပ်အဖြစ် တာဝန်ယူ သင်ကြားပေးနေသည်။ Squash ကစားနည်းသည် ၂၀၁၅ စင်ကာပူဆီးဂိမ်းမတိုင် လအနည်းငယ်အလိုက မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီး အစောပိုင်း နှစ်များတွင် မြန်မာနိုင်ငံ၌ မရှိသည့် ကစားနည်းတစ်မျိုးဖြစ်သည်။

သို့သော် အိမ်ရှင်အဖြစ် ပြုလုပ်မည့် အရှေ့တောင်အာရှ Squash ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိရန် Squash အဖွဲ့ချုပ်မှ ရည်မှန်းထားသည်။ ' ဆုတံဆိပ်က မှန်းတော့ မှန်းတယ်။ နှစ်ယောက်တွဲမှာ မှန်းတယ်။ တစ်ယောက်ချင်းမှာ မလေးရှားအရမ်းကောင်းတယ်။ အာရှပွဲတွေမှာတောင် ရွှေယူထားတယ်။ နှစ်ယောက်တွဲမှာ ရွှေရအောင်တော့ ကြိုးစားမယ်။ ရွှေမရခဲ့ရင် ငွေနဲ့ ကြေးနဲ့ ရအောင် ကစားမယ်' ဟု မြန်မာနိုင်ငံ Squash အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မိမိမော်က မဇ္ဈိမသို့ ပြောသည်။

မြန်မာ့လက်ရွေးစင် Squash အားကစားအဖွဲ့သည် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly