ဝယ်ယူထားတဲ့ ပြင်သစ် ရာဖေးတိုက်လေယာဉ် ၅ စင်းကို အိန္ဒိယ တပ်တော်သွင်း

By AFP
10 September 2020
ဝယ်ယူထားတဲ့ ပြင်သစ် ရာဖေးတိုက်လေယာဉ် ၅ စင်းကို အိန္ဒိယ တပ်တော်သွင်း

စက်တင်ဘာ ၁၀

အိန္ဒိယနိုင်ငံဟာ ပြင်သစ်ဆီက ဝယ်ယူထားတဲ့ ရာဖေးတိုက်လေယာဉ် ငါးစင်းကို အိန္ဒိယလေတပ်ဆီ တရားဝင် တပ်တော်သွင်းအခမ်းအနားကို အမ်ဘာလာလေတပ်စခန်းမှာ စက်တင်ဘာ ၁၀ ရက်က ခမ်းနားသိုက်မြိုက်စွာ ကျင်းပပါတယ်။ 

အခု တိုက်လေယာဉ်တွေ တပ်တော်သွင်းတဲ့ အခမ်းအနားကို အိန္ဒိယစစ်ဝန်ကြီး ရက်နက်ရှ်ဆင်းနဲ့ ၎င်းရဲ့ အဆင့်တူ ပြင်သစ်စစ်ဝန်ကြီး ဖလော်ရန့်ပါလေးတို့အပြင် အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝတ်နဲ့ လေတပ်ဦးစီးချုပ် ဘာဒါအူရိုင်တို့ဟာ အခြားသော ကိုယ်စားလှယ်တော်တွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။ 

အိန္ဒိယနိုင်ငံဟာ  ၂၀၁၆  စက်တင်ဘာအတွင်းမှာ ပြင်သစ်ဆီကနေ Rafale တိုက်လေယာဉ် ၃၆ စင်းကို ဝယ်ယူခဲ့ပါတာ ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လအတွင်းမှာ အဲဒီ လေယာဉ်တွေရဲ့ ပထမသုတ်အဖြစ် အခု ရာဖေးတိုက်လေယာဉ်ငါးစင်း အိန္ဒိယနိုင်ငံဆီ ရောက်ရှိခဲ့တာပါ။ 

မှာယူထားတဲ့ တိုက်လေယာဉ်တွေကို ပြင်သစ်က အောက်တိုဘာမှာ တရားဝင် စတင်ပေးပို့ရမှာ ဖြစ်ပေမယ့် အိန္ဒိယလေယာဉ်မှူးတွေကို ဒီလေယာဉ်တွေကို မောင်းနှင်ဖို့ သင်တန်းပေးတာနဲ့ စက်ပိုင်းဆိုင်ရာ သင်ကြားပေးတာတွေကြောင့် ခုလို အချိန်ကာလ ကြန့်ကြာသွားခဲ့တာပဲ ဖြစ်ပါတယ်။  

အခုလို အိန္ဒိယရဲ့ ရာဖေးတိုက်လေယာဉ်တွေ ဝယ်ယူပြီး တပ်တော်သွင်းတဲ့အချိန်ကာလဟာ တရုတ်နဲ့ နယ်စပ်အရေး တင်းမာမှု မြင့်တက်နေချိန်ဖြစ်ပြီး အိန္ဒိယရဲ့ ရုတ်ခြည်း အင်အားတောင့်တင်းစေရေး ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ 

ခန့်မှန်း တန်ဖိုး ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ရှိတဲ့ ဒီ လေယာဉ်တွေ ဝယ်ယူမှု သဘောတူညီချက်နဲ့ ပတ်သက်ပြီး အတိုက်အခံ ကွန်ဂရက်ပါတီက အကျင့်ပျက်ခြစားမှု ရှိနေတယ်လို့  ပြောဆိုသမုတ်ပေမယ့် ဝန်ကြီးချုပ် နာရန္ဒြာမိုဒီကတော့ စွပ်စွဲချက်ကို ပယ်ချထားခဲ့တာလည်း ဖြစ်ပါတယ်။ 

အခု တိုက်လေယာဉ်တွေကို Dassault Aviation ကုမ္ပဏီက တည်ဆောက်ထားတာ ဖြစ်ပြီး သဘောတူညီချက်အရ ဝယ်ယူထားတဲ့ ရာဖေးတိုက်လေယာဉ်အားလုံးကို ၂၀၂၂ မကုန်ခင်မှာ ပြင်သစ်က အိန္ဒိယဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly