ရန်ကုန်က မြို့နယ် ၂၁ ခုကို နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကာလအဖြစ် ထပ်မံသတ်မှတ်

ရန်ကုန်က မြို့နယ် ၂၁ ခုကို နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကာလအဖြစ် ထပ်မံသတ်မှတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ ခုကို မလိုအပ်ဘဲ အပြင်မထွက်ရဆိုသည့် အိမ်ထဲမှာပဲ နေကြရန် Stay at Home ကာလအဖြစ် သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီတွင် သတင်းထုတ်ပြန်သည်။

လတ်တလောတွင် COVID-19 အတည်ပြုလူနာများ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင်မရှိဘဲ ကူးစက်ခံရသည့် လူနာများပြားစွာ တွေ့ရှိလာရသဖြင့် ရောဂါပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်ရန်အတွက် ထိုသို့သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ ရန်ကုန်တိုင်းအတွင်း Stay at Home ကာလအဖြစ် သတ်မှတ်လိုက်သော မြို့နယ် ၂၁ ခုမှာ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်)၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ ဖြစ်သည်။

ယင်းအပြင် ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် လှည်းကူး မြို့နယ်တို့ ဖြစ်ပြီး စုစုပေါင်း ၂၁ မြို့နယ်ကို တတ်နိုင်သဖြင့် အိမ်ထဲမှာပဲ နေကြရန် Stay at Home ကာလအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်သူများ အပြင်ထွက်သွား လာခွင့်ရှိပြီး မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်ကို တစ်ဦးနှုန်းဖြင့် ထွက်ခွင့်ပေးထားသည်။

ထိုသို့ နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကာလသည် မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီမှ စတင်အကျုံးဝင်ပြီး လိုက်နာရန် ပျက်ကွက်သူများကို တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၇ မြို့နယ်ကို Stay at Home ကာလအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြောင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကာလအဖြစ် သတ်မှတ်ထားသော မြို့နယ် စုစုပေါင်း ၂၈ မြို့နယ် ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly