အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးအဆင့် ဘိုင်ဒင်နှင့်ထရမ့် ဆက်လက် တိုက်စစ်ဆင်

အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးအဆင့် ဘိုင်ဒင်နှင့်ထရမ့် ဆက်လက် တိုက်စစ်ဆင်

စက်တင်ဘာ ၉ 

သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးသည် အမေရိကန်အလုပ်သမားနေ့ အားလပ်ရက်က  နောက်ဆုံးအဆင့် ချင်းနင်းဝင်ရောက်လာစဉ် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒင်တို့သည် တနင်္လာနေ့တွင် တစ်ဦးကိုတစ်ဦး အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ 

ထရမ့်က ဘိုင်ဒင်အား စီးပွားရေးအတွက်ခြိမ်းခြောက်မှုနှင့် မိုက်မဲသူအဖြစ် ပြောဆိုခဲ့သလို ကျဆုံးသွားသော စစ်သည်များအပေါ် ထရမ့်၏ ချိုးနှိမ်ပြောဆိုမှုကိုလည်း ဘိုင်ဒင်က ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့သည်။  

အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က “ စကားမစပ် ကွန်ဂရက်မှာ သဘောထားအကြီးဆုံးသူဆိုတာ ကျွန်တော့်အမြင်မှာတော့ အရည်အချင်းရှိတဲ့သူမဟုတ်ပါဘူး။ ဘိုင်ဒင်နဲ့သူ့ရဲ့ တွဲဖက် ဒုသမ္မတလောင်း (ကမ်မလာဟဲရစ်) တို့ဟာ နိုင်ငံကိုရော စီးပွားရေးကိုပါ ဖျက်ဆီးမယ့်သူတွေပါ” ဟု ပြောခဲ့သည်။ 

The Atlantic မဂ္ဂဇင်းဖော်ပြချက်တွင် ထရမ့်က ကျဆုံးသွားသော စစ်သည်များအား လူနုံလူအများ၊ အရှုံးသမားများ ဟု ညွှန်းဆိုခဲ့သည်ကို ဝန်မခံဘဲ သတင်းအတုအလိမ်သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။  ထိုသတင်းသည် ရက်ပေါင်းများစွာ သတင်းကြီးတစ်ခုအဖြစ် လွှမ်းမိုးခဲ့ပြီး အဓိကမဲဆန္ဒရှင်များဖြစ်သည့် စစ်ပြန်များနှင့် စစ်မှုထမ်းများအကြား ထရမ့်ထောက်ခံမှုကို ခြိမ်းခြောက်နေသည်။  

"ကျွန်တော်တို့ရဲ့ စစ်တပ်သာမကဘဲ စစ်တပ်ထဲမှာ ဘဝတွေကို ပေးဆပ်သူတွေလောက် ပိုပြီးလေးစားစရာကောင်းတာ မရှိပါဘူး” ဟု ထရမ့်ကပြောကြားခဲ့သည်။ 

ဘိုင်ဒင်က ပင်ဆယ်ဗေးနီးယားပြည်နယ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းစဉ် ထရမ့်၏ ထိုမှတ်ချက်များကို ကိုးကားပြောဆိုခဲ့သည်။  

ဒယ်လာဝဲအမျိုးသားအစောင့်တပ်ဖွဲ့ဝင်အဖြစ် အီရတ်တွင် အမှုထမ်းခဲ့ပြီး ၂၀၁၅ ခုနှစ်က ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော သားဖြစ်သူ ဘိုးဘိုင်ဒင်ကိုရည်ညွှန်းလျက်  "ဘိုး ဟာ အရှုံးသမားတစ်ယောက်မဟုတ်သလို လူနုံတစ်ယောက်လည်းမဟုတ်ပါဘူး။ သူဟာ သူရဲကောင်းတွေနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တာပါ” ဟု ဘိုင်ဒင်က ပြောခဲ့သည်။  

နိုင်ဝင်ဘာ ၃ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲရောက်ရန် ရက်ပေါင်း ၆၀ ပင် မလိုတော့သည့်အချိန်တွင် ထရမ့်နှင့် ဘိုင်ဒင်တို့သည် ယခုသီတင်းပတ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့်ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ဘိုင်ဒင်ကလည်း တနင်္လာနေ့တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်သို့ စတင်ထွက်ခွါခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၊ လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့တို့၏ရက်စက်ကြမ်းကြုတ်မှုများအပေါ် မကြာသေးမီလများအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့မှုများနှင့်အတူ ထရမ့်သည် အလုပ်သမားလူတန်းစားကို နောက်တွင်ထားရစ်ခဲ့ပြီး ပရမ်းပတာများကိုဖြစ်စေသည့် မထိရောက်သော ရီပတ်ဘလီကန်သမ္မတအဖြစ် ဘိုင်ဒင်က  ပြောဆိုလျက် အသာရရန် ကြိုးစားလျက်ရှိသည်။  

ထရမ့်သည်  ပင်ဆယ်ဗေးနီးယား၊ ဝစ္စကိုဆင်နှင့်မီချီဂန်ကဲ့သို့သော အဓိကပြည်နယ်၏ဆင်ခြေဖုံးဒေသများတွင်  ထောက်ခံသူအသစ်များကို မဲဆွယ်ရန်နှင့် ၎င်း၏အခြေစိုက်နယ်ကို လှုံ့ဆော်ရန်ရည်ရွယ်လျက် မဲဆွယ်စည်းရုံးရေးနည်းလမ်းပြောင်းရန် ရုန်းကန်နေရသည်။  

အလုပ်သမားသမဂ္ဂ၏ထောက်ခံမှုများ 

ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်၏မြို့တော် ဟဲရစ်ဘာ့ဂ်တွင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး အမေရိကန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFL-CIO ၏ အကြီးအကဲဖြစ်သော ရစ်ချက်ထရမ်ကာ နှင့် အွန်လိုင်းမှ ပြောဆိုဆွေးနွေးခဲ့သည်။ ဘိုင်ဒင်သည် သမဂ္ဂလုပ်သားများထံမှမေးခွန်းများကိုလည်း ရယူခဲ့ပြီး ထိုနေ့အစောပိုင်းက အမေရိကန်စစ်တပ်တွင် အမှုထမ်းခဲ့သောသမဂ္ဂအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့သည်။ 

ဘိုင်ဒင်၏မဲဆွယ်စည်းရုံးရေးသည် မြောက်အမေရိက၏ အလုပ်သမားများအပြည်ပြည်ဆိုင်ရာသမဂ္ဂ၊ ဓာတ်လှေကားဆောက်လုပ်ရေးအပြည်ပြည်ဆိုင်ရာသမဂ္ဂနှင့် ဖယ်ဒရယ်ဝန်ထမ်းများအမျိုးသားအဖွဲ့ချုပ် စသည့် သမဂ္ဂသုံးခု၏ထောက်ခံချက်များကိုလည်း ကြေငြာခဲ့သည်။ 

ဘိုင်ဒင်သည် နိုင်ငံ့သမိုင်းတွင်“ အင်အားအကောင်းဆုံးအလုပ်သမားဥက္ကဋ္ဌ” ဖြစ်ရန် ကတိပေးခဲ့ပြီး၊ ဥပဒေအရတာဝန်ခံသော အမှုဆောင်များ သမဂ္ဂဖွဲ့စည်း​ရာမှာ ဝင်ရောက်စွက်ဖက်ပါက ၎င်းတို့အား ဥပဒေအရ တာဝန်ခံစေရန်၊ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ရန်နှင့် အမျိုးသားအလုပ်သမားရေးရာဘုတ်အဖွဲ့ကို အားကောင်းခိုင်မာလာစေရန် သန္နိဋ္ဌာန် ပြုခဲ့သည်။  

"ဒီတိုင်းပြည်ကို လည်ပတ်နေစေတာဟာ Wall Street က ဘဏ္ဍာရေးကျွမ်းကျင်သူတွေလုပ်တာမဟုတ်ဘူးဆိုတာ လူတွေ သဘောပေါက်နားလည်ကြပါတယ်။  တိုင်းပြည်ကိုလည်ပတ်စေတာက မရှိမဖြစ်အလုပ်သမားတွေဖြစ်တဲ့ ခင်ဗျားတို့ပါပဲ” ဟု ဘိုင်ဒင်က ထရမ်ကာနှင့် ပြုလုပ်ခဲ့သော  အွန်လိုင်းအစည်းအဝေးတွင်ပြောကြားခဲ့သည်။ 

ဘိုင်ဒင်သာရွေးကောက်တင်မြှောက်ခံရပါက ဒီမိုကရက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ရင်ဆိုင်ရန် နောက်ထပ်စီးပွားရေးပိတ်ဆို့မှု ပြုလုပ်လိမ့်မည်ဟု ထရမ့်က ပြောသည်။ 

"တရုတ်ဗိုင်းရပ်စ်အတွက် ဘိုင်ဒင်ရဲ့ အစီအစဉ်က အမေရိကန်စီးပွားရေးတစ်ခုလုံးကိုပိတ်ပစ်ဖို့ဖြစ်ပါတယ် ၊ သူက သန်းနဲ့ချီတဲ့အလုပ်သမားတွေကို ဖြုတ်ပစ်ပြီး ပြည်သူတွေ သူတို့ကိုယ်ကို သေကြောင်းကြံစည်မှုတွေ၊ မူးယစ်ဆေးဝါးအလွဲသုံးစားလုပ်မှု၊ စိတ်ဓာတ်ကျမှုနဲ့ နှလုံးရောဂါတွေဖြစ်ပြီး မရေမတွက်နိုင်တဲ့သေဆုံးမှုတွေ ဖြစ်စေပါလိမ့်မယ်" ဟု ထရမ့်က ဆိုသည်။  

ထရမ့်သည် ယခုသီတင်းပတ်နောက်ပိုင်းတွင် မြောက်ကယ်ရိုးလိုင်းနား၊ ဖလော်ရီဒါ၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်များကို သွားရန်စီစဉ်ထားပြီး ၎င်းပြည်နယ်အားလုံးသည် ရွေးကောက်ပွဲဝင်မည့် ပြိုင်ဘက်နှစ်ဦးအတွက် အရေးပါသောပြည်နယ်များဖြစ်သည်။  

၂၀၁၆ ခုနှစ်က ထရမ့် ပွတ်ကာသီကာအနိုင်ရခဲ့သော  ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဘိုင်ဒင်က ဦးဆောင်နေသော်လည်း  ဇွန်လနှောင်းပိုင်း၌ အသာရသည့်ပျမ်းမျှပမာဏအမှတ်သည် ရှစ်မှတ်မှ အကြမ်းအားဖြင့် လေးမှတ် ငါးမှတ်အထိ ကျဆင်းခဲ့သည်။  ဘိုင်ဒင်သည် သောကြာနေ့တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်မှ ပြန်လာရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly