ရခိုင်ပြည်နယ်၌ တိုက်ခိုက်မှု များလာခြင်းကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ကုလ ညှိနှိုင်းရေးမှူး ပြော

ရခိုင်ပြည်နယ်၌ တိုက်ခိုက်မှု များလာခြင်းကို စိုးရိမ်စွာ စောင့်ကြည့်နေဟု ကုလ ညှိနှိုင်းရေးမှူး ပြော
ပုံ - ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ အိုလာ အလ်မ်ဂရမ် (ဓာတ်ပုံ - UN Myanmar)

စက်တင်ဘာ ၈        

ရခိုင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာသေးခင်က ပိုများလာသည်ကို စိုးရိမ်စွာဖြင့် စောင့်ကြည့်လျက်ရှိကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ အိုလာ အလ်မ်ဂရမ်က ပြောသည်။

မြန်မာနိုင်ငံ အနောက်ခြမ်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ကုလသမဂ္ဂအနေဖြင့် များစွာ စိုးရိမ်ပူပန်မိကြောင်း၊ ပြီးခဲ့သည့် စက်တင် ဘာလ ၃ ရက်နေ့က တပ်မတော်နှင့် ရခိုင့်တပ် AA တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာများ ဆိုးရွားစွာ ပျက်စီးခဲ့သကဲ့သို့ အိမ်ခြေများစွာ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ကို များစွာ စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာ အလ်မ်ဂရမ်က “ကုလသမဂ္ဂအနေနဲ့ ပါဝင်သူအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားဖို့၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့၊ အကျိုးသက်ရောက်မှု ခံစားရတဲ့နေရာတွေကို လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုတွေပေးနိုင်ရန် ခွင့်ပြုဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ တုံ့ပြန်ရေး ကြိုးပမ်းမှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲထားဖို့ အထွေထွေအတွင်းရေးမှူးချုပ်က ပန်ကြားထားတာကို အလေးထားဖို့ တိုက်တွန်းပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရခိုင်ပြည်နယ်တွင် ယခင်ကတည်းကရှိနေသော လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများမှာ မကြာသေးခင်က ဆက်လက်မြင့်တက်လျက်ရှိသော ကိုဗစ်-‌၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများကြောင့် ပိုမိုဆိုးရွားလာကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကိုဗစ်-၁၉ ဆိုင်ရာ တုံ့ပြန်မှုများကို ပံ့ပိုးပေးနိုင်ရန် ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရနှင့်အတူ အပြည့်အဝ ဆက်လက်ဆောင်ရွက်၊ ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ချက်တွင် ထပ်လောင်း ပြောကြားထားသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ကျေးရွာများ မီးလောင်မှုနှင့် ပတ်သက်၍ တပ်မတော်က ထိုကဲ့သို့ လုပ်ဆောင်ခြင်း မရှိကြောင်း မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာများကို ငြင်းဆိုခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း မြေပြင်စစ်ဆေးမှု၊ ဒရုန်းစစ်ဆေးမှုများအရ AA က မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ AA ကလည်း တပ်မတော်က ကျေးရွာများကို မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ချက်ထုတ်ကာ တန်ပြန်စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly