အမေရိကန်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးအတွက် တရုတ်ပြင်ဆင်နေ

အမေရိကန်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးအတွက် တရုတ်ပြင်ဆင်နေ

စက်တင်ဘာ ၈  

အိမ်ဖြူတော် မဟာဗျူဟာဆိုင်ရာအကြီးအကဲဟောင်းဖြစ်သူ Steve Bannon က အမေရိကန်သမ္မတ Donald Trump သည် ကိုဗစ်-၁၉  ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) အား ဖြုတ်ချရန်အတွက်“ စစ်ကောင်စီ” ကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။ 

ဇွန်လနှောင်းပိုင်းမှစ၍ အမေရိကန်အဆင့်မြင့်အရာရှိများက CCP အား ရည်ညွှန်းသည့် ပြင်းထန်သောတိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သည်။ 

အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien၊ FBI ဒါရိုက်တာ Christopher Wray၊ ရှေ့နေချုပ် William Barr နှင့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် CCP ကိုဖြုတ်ချရန် Trump မှ တာဝန်ပေးအပ်ထားသည့်“မြင်းစီးသူရဲလေးယောက်” အဖြစ် သတ်မှတ်ထားသည်။ 

Trump အစိုးရသည် ဟူစတန်ရှိတရုတ်ကောင်စစ်ဝန်ရုံးအားပိတ်သိမ်းခြင်း၊ ကျန်းမာရေးဝန်ကြီး Alex Azar ကို ထိုင်ဝမ်သို့ စေလွှတ်ခြင်းနှင့် တရုတ်ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများဖြစ်သော TikTok နှင့် WeChat တို့ကို အမေရိကန်တွင် တားမြစ်ရန်ကြိုးပမ်းခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဖြတ်တောက်ရန် တိကျသောအရေးယူမှုများ ပြုလုပ်ခဲ့သည်။ 

တရုတ်က တွေ့ဆုံဆွေးနွေးမှုအတွက်တိုက်တွန်း 

တရုတ်သည် အမေရိကန်ကို ဆန့်ကျင်သော ပါးကိုက်နားကိုက်လုပ်ရပ်များအတွက် ၎င်းဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားလျက် အံ့အားသင့်စွာ ပြေရာပြေကြောင်း ပြုမူဆောင်ရွက်ခဲ့သည်။  

သြဂုတ်လအစောပိုင်းက ဆင်ဟွာနှင့်အင်တာဗျူးတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်အေးခေတ်သစ်၏ စိတ်ကူးကို အခိုင်အမာ ငြင်းပယ်ခဲ့ပြီး နေရာမရွေး၊ အချိန်မရွေး မည်သည့်အဆင့်၌မဆို တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် လက်ရှိတင်းမာမှုများကို လျှော့ချရန် အဆိုပြုခဲ့သည်။ 

နှစ်ရက်အကြာတွင် CCP နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Yang Jiechi က ‘သမိုင်းကိုလေးစား၊ အနာဂတ်ကိုမျှော်တွေး၍ တရုတ် - အမေရိကန်ဆက်ဆံရေးကို ခိုင်မာစွာအကာအကွယ်ပေးပြီး တည်ငြိမ်စေ’ ဟု အမည်ပေးထားသည့် ဆောင်းပါးတစ်ပုဒ်ကိုထုတ်ဝေခဲ့သည်။ 

အမေရိကန်သမ္မတဟောင်း Richard Nixon လက်ထက်က အစပြုခဲ့သည့် တရုတ်နိုင်ငံနှင့်အမေရိကန်၏ ဆက်ဆံရေးအစဉ်အလာကို Yang က ချီးမွမ်းခဲ့ပြီး  နယ်ပယ်အားလုံးတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ 

Trump အစိုးရထဲက တစ်ဦးတစ်ယောက်ကမျှ ၎င်းကိစ္စကို အလေးအနက်မထားသည့်အတွက် တရုတ်၏ သံခင်းတမန်ခင်းသည် လွန်စွာနောက်ကျသွားပုံပေါ်သည်။ ထိုကဲ့သို့သော ဆက်ဆံမှုမျိုးသည် သံတမန်ရေးဝပ်တွားခယမှုအဖြစ် အမေရိကန်က ရှုမြင်သောကြောင့် ပေကျင်း၏ဆွေးနွေးမှုမှုအရေးတောင်းဆိုမှုသည် ဝါရှင်တန်အတွက် ကျွဲပါးစောင်းတီးသကဲ့သို့ဖြစ်နေသည်။  

သို့သော် တရုတ်၏သံတမန်ပရိယာယ်သည် အလွန်အမင်း ရိုးစင်းပုံပေါ်သည်။ အမေရိကန်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်ရန်ရည်ရွယ်ထားသည့် အချက်သုံးချက်ကိုနားလည်သဘောပေါက်ရန် တရုတ်ယဉ်ကျေးမှုနှင့်သမိုင်းသည် ပိုမိုကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သည်။ 

တရုတ်သည် ပဋိပက္ခကို မလိုလား

ပထမဦးဆုံးအချက်အနေဖြင့် တရုတ်သည် အမေရိကန်နှင့် စစ်အေးတိုက်ပွဲမဖြစ်လိုပေ။ တရုတ်သည် ယခင် ဆိုဗီယက်ယူနီယံ မဟုတ်သလို ဒုတိယ အမေရိကန်ဖြစ်ရန်လည်း ရည်ရွယ်ချက်မရှိဟု Wang Yi က မှတ်ချက်ပြုခဲ့သည်။  

ဤအချက်သည် ဖြစ်ရပ်မှန်ထက် ဆန္ဒများပေါ်အခြေခံသည့် တရုတ်တို့၏ယုံကြည်မှုဖြစ်သော်လည်း လက်ခုပ်ဆိုသည်မှာ နှစ်ဖက်တီးမှမြည်ခြင်းဖြစ်သည်။ ဆိုဗီယက်ယူနီယံနှင့်အမေရိကန်ကို ထောင်ချောက်ထဲကျစေခဲ့သည့် စစ်အေးတိုက်ပွဲထောင်ချောက်ကို ရှောင်ရှားလိုသည်ဟု တရုတ်က ပြောခဲ့သည်။   

Richard Nixon ၏ ၁၉၇၂ အလည်အပတ်ခရီးစဉ်ပြီးနောက်  နှစ်နိုင်ငံသည် ၎င်းတို့၏အတွေးအမြင်ဆိုင်ရာ ကွဲပြားခြားနားမှုများကို ကျော်လွှားခြင်းဖြင့် အတူတကွပူးတွဲနေထိုင်ခဲ့သည်ဆိုသည့် အမေရိကန် - တရုတ်ဆက်ဆံရေး၏ ရွှေအိုရောင်နေ့ရက်များကို အမေရိကန်တို့ အမှတ်ရစေရန် Wang နှင့် Yang    က မီးမောင်းထိုးပြခဲ့သည်။   

အမေရိကန်သည် တစ်ကိုယ်တည်းမလျှောက်လှမ်းနိုင်ပါ  

ဒုတိယအချက်မှာ အမေရိကန်သည် ဤစစ်အေးတိုက်ပွဲကို တစ်ကိုယ်တည်း မဆင်နွှဲနိုင်ပါ။ တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်စစ်အေးတိုက်ပွဲအသစ်ဆင်နွှဲရန် ရည်ရွယ်ချက်မရှိကြောင်း သြစတြေးလျ၊ နယူးဇီလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့်ကနေဒါနိုင်ငံများအပါအဝင် အမေရိကန်မဟာမိတ်များကို နားလည်စေလိုသည်။  

အပြန်အလှန်ညှိနှိုင်းသည့်အနေဖြင့် တရုတ်သည် ၎င်းကိုဆန့်ကျင်သော ညွန့်ပေါင်းအဖွဲ့တစ်ခုကို အမေရိကန်က တည်ဆောက်နိုင်သည့်အလားအလာကို လျှော့ချရန်ရည်ရွယ်သည်။ Wang Yi ၏ ဥရောပနိုင်ငံငါးနိုင်ငံသို့ မကြာသေးမီကလည်ပတ်မှုကိုကြည့်ခြင်းအားဖြင့် တရုတ်၏ စစ်အေးတိုက်ပွဲဆန့်ကျင်ရေးကြိုးပမ်းမှုကို တွေ့မြင်နိုင်သည်။   

အခြားစိတ်ဝင်စားသောနိုင်ငံများ အထူးသဖြင့်အမေရိကန်မဟာမိတ်များသည် စစ်အေးတိုက်ပွဲကို အဖြစ်မှန်အဖြစ်ပြောင်းလဲမည်လား သို့မဟုတ် မြင်းစီးသူရဲလေးယောက်၏ လှည့်စားမှုအဖြစ်သဘောထားမည်လားကို ရွေးချယ်ရန်လိုအပ်လိမ့်မည်။  

Trump အစိုးရသည် ရေတိုထိပ်တိုက်တွေ့မှုမှတစ်ဆင့် တရုတ်ကို အနိုင်ယူရန်ကြိုးစားနေသော်လည်း တရုတ်ခေါင်းဆောင်များသည် အနာဂတ်အားသာချက်များအတွက် ၎င်းတို့ကိုယ်ကို နေရာချထားရန်ကြိုးပမ်းနေရင်း ပြိုင်ဘက်ထက် နယ်နိမိတ်ကို ဝန်းရံသည့် Go ဘုတ်ဂိမ်းကစားနည်းကို ကစားနေကြသည်။ ဤနည်းသည် ရေတိုအကျိုးအမြတ်ကိုစွန့်လွှတ်သည့်တိုင်အန္တရာယ်များသော ကစားပွဲတွင် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။   

 ပဋိပက္ခ၏အန္တရာယ်များ  

 တတိယနှင့်နောက်ဆုံးအချက်မှာ အမေရိကန်နှင့်တရုတ်အကြားဖြစ်နိုင်ခြေရှိသော ပဋိပက္ခများ၏အန္တရာယ်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအား သတိပေးခြင်းဖြစ်သည်။   

အာရှပစိဖိတ်တွင် စစ်ပွဲကနဦးအဆင့်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေပြီး မဟာဗျူဟာ မှားယွင်းတွက်ချက်မှု သို့မဟုတ် စစ်ရေးမတော်တဆမှု တစ်ခုခုသည် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ် (သို့မဟုတ်) ထိုင်ဝမ်ရေလက်ကြားတွင် ပြင်းထန်သော နျူကလီးယားပဋိပက္ခ ဖြစ်ကောင်းဖြစ်နိုင်သည်။   

 အမေရိကန်ကျန်းမာရေးဝန်ကြီး Azar ၏ ထိုင်ဝမ်သို့မကြာသေးမီကအလည်အပတ်ခရီးသည် ထိုင်ဝမ်ရေလက်ကြားရှိ တရုတ်စစ်ရေးလေ့ကျင့်မှုနှင့် တောင်တရုတ်ပင်လယ်အတွင်း နျူးကလီးယားထိပ်ဖူးတပ်ဒုံးကျည်စမ်းသပ်မှုများ ဦးတည်ဖြစ်လာနိုင်စေသည်။   

 ကပ်ရောဂါကာလအတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် အဆောတလျင် တိုက်တွန်းလိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုနွေးထွေးသော အရာတစ်ခုခုအတွက်ပြင်ဆင်ရာတွင် ပြိုင်ဘက်များထက် မူဝါဒနှင့်လုပ်ဆောင်ချက်များသာလွန်သော တရုတ်၏နည်းလမ်းပင်ဖြစ်နိုင်သည်။   

ရွေးကောက်ပွဲမတိုင်မီ လာမည့်လများသည် အမေရိကန် - တရုတ်ဆက်ဆံရေးအတွက် အလွန်အရေးပါပေလိမ့်မည်။ အမေရိကန်နှင့်တရုတ်တို့သည် မတော်တဆ ပဋိပက္ခဖြစ်ရပ်များဖြစ်သည့်တိုင် အမှန်တကယ်ဖြစ်ပျက်မှုကိုရှောင်ရှားနိုင်ရန်အတွက်  အတူတကွပူးပေါင်းလုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly