အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို မာလီအာဏာသိမ်းအဖွဲ့ စတင်လုပ်ဆောင် 

By AFP
06 September 2020
အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို မာလီအာဏာသိမ်းအဖွဲ့ စတင်လုပ်ဆောင် 
Photo - AFP

စက်တင်ဘာ ၆ 

မာလီ စစ်အာဏာသိမ်းအဖွဲ့ဟာ စက်တင်ဘာ ၅ ရက်က အတိုက်အခံအုပ်စုအဖွဲ့တွေနဲ့ တွေ့ဆုံပြီး နိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေးဆီ အသွင်ကူးပြောင်းရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေကို စလုပ်နေပြီ ဖြစ်ပါတယ်။ 

ယင်းမတိုင်မီက မာလီနိုင်ငံမှာ အုပ်ချုပ်သူအစိုးရခေါင်းဆောင်ကို ဖြုတ်ချထားခဲ့ပြီးနောက် လာမယ့်သီတင်းပတ်တွေထဲ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ထံ အာဏာအမြန်ဆုံးလွှဲပေးဖို့ အိမ်နီးချင်းနိုင်ငံတွေက မာလီစစ်အာဏာ သိမ်းအဖွဲ့ကို ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ အနောက်အာဖရိကနိုင်ငံဟာ ပြီးခဲ့တဲ့ကာလကြာကတည်းက မတည်မငြိမ်မှုတွေ၊ ဂျီဟတ်ဒစ် ထကြွမှုတွေ၊ လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ လုံးပန်းနေခဲ့ရတဲ့နောက် ပြီးခဲ့တဲ့လမှာ အာဏာသိမ်းဂိုဏ်းအဖွဲ့တစ်ခုက သမ္မတ အီဘရာဟင် ဘော်ဘာကာ ကီတာကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ မာလီအာဏာသိမ်းဂိုဏ်းကတော့ ရေရေရာရာ မသတ်မှတ်ထားတဲ့ အကူးအပြောင်းကာလတစ်ခုအပြီး အာဏာလွှဲပေးမယ်လို့ ကတိပြုထားခဲ့ပေမယ့် မာလီအကျပ်အတည်းဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထိခိုက်သက်ရောက်နိုင်မှာ စိုးရိမ်ရတဲ့အတွက် အိမ်နီးချင်းတွေနဲ့ ကိုလိုနီအုပ်ချုပ်သူဟောင်း ပြင်သစ်တို့က မာလီမှာ အရပ်ဘက်အုပ်ချုပ်မှုထံ အမြန်ဆုံး အာဏာလွှဲပေးဖို့ တောင်းဆိုဖိအားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘာမာကိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေကိုတော့ စစ်အာဏာသိမ်းအဖွဲ့ ခေါင်းဆောင် အေဆီမီ ဂွိုင်တာရဲ့ ဦးဆောင်မှုအောက်မှာ ပြုလုပ်ခဲ့ပေမယ့် စက်တင်ဘာ ၅ ရက်မှာတော့ ၎င်း တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ စစ်တပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

“သြဂုတ် ၁၈ ရက်နောက်ပိုင်း ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံအတွက် သမိုင်းသစ်တစ်ခုကို ရေးဆွဲနေပါတယ်” လို့ အာဏာသိမ်းအဖွဲ့ နံပါတ်နှစ်ခေါင်းဆောင် မာလစ် ဒီယောက ဆွေးနွေးပွဲအဖွင့်မှာ ပြောသွားခဲ့ပါတယ်။ 

မာလီမှာ အာဏာသိမ်းအဖွဲ့ကနေ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ထံ အာဏာအမြန်ဆုံးလွှဲပေးရေး ဖိအားပေးတဲ့အနေနဲ့ အနောက်အာဖရိကနိုင်ငံများဆိုင်ရာ ၁၅ နိုင်ငံ စီးပွားရေးအသိုက်အဝန်း အဖွဲ့က မာလီနိုင်ငံအပေါ် ဆန်ရှင်တွေချမှတ်ခဲ့သလို နယ်စပ်တွေကိုလည်း ပိတ်ထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly